

လီဗာပူးက ဖူလ်ဟမ်ကို ၂-၂ သရေကျတဲ့ပွဲမှာ နည်းပြအာနယ် ဆလော့ဟာ ၁၀ ယောက်ကျန် အသင်းကို မျက်နှာမငယ်ရအောင် ပွဲချိန်တွင်း နည်းစနစ် အမျိုးမျိုးကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာနယ် ဆလော့က “ ရှိတဲ့ ကစားသမားတွေအပေါ် မူတည်တာပေါ့ဗျာ။ အခြေအနေကို တုန့်ပြန်ရမှာပဲလေ။ ကိုယ်က ၁ ဂိုး သာနေတာလား ၁ ဂိုး ရှုံးနေတာလား ဆိုတဲ့အပေါ် မူတည်ပြီး နည်းစနစ်တွေက ကွာသွားတာပေါ့ ” လို့ ပြောပါတယ်။
ပွဲချိန် ၁၇ မိနစ်မှာ ရော်ဘတ်ဆန် ထုတ်ပယ်ခံခဲ့ရတဲ့နောက် လီဗာပူးခံစစ်ဟာ ၃ ယောက်တန်း ပုံစံကို ပြောင်းလဲသွားခဲ့သလို ဂရာဗင်ဘက်ချ် ဗဟိုခံစစ် ကစားခြင်း၊ ဂက်ပို ဘယ်အစွန်လူအဖြစ် ကစားခြင်းတွေလို နည်စနစ်ပိုင်း အပြောင်းအလဲ အများအပြားအား ဆက်တိုက် ခင်းပြသွားခဲ့တာပါ။
ဘောလုံးရှိချိန်နဲ့ မရှိချိန်ပေါ် မူတည်ပြီး ဂရာဗင်ဘက်ချ် အပါအဝင် အသင်းသား အချို့က ၂ နေရာစာ တာဝန်တွေကို မျှဝေ ကစားစေခဲ့တာကြောင့်ပဲ ၁ ယောက်လျော့နေတာတောင် လီဗာပူး ကစားသွားတာ ၁၅ ယောက်လောက် ကွင်းထဲ ရှိနေသလိုပဲလို့ ချီးကျူးခံနေရတာ ဖြစ်ပါတယ်။
“ ကိုယ်က ၁ ဂိုးသာနေခဲ့ရင် ကစားသမား အများအပြားနဲ့ ခံစစ်ကစားမှာပါ။ ဒီတော့ ချက်ခြင်းပဲ ခံစစ်သမား တစ်ဦး ကောက်ထည့်လိုက်မှာပေါ့။ ဒါပေမယ့် ကိုယ့်အသင်းက ၁ ဂိုး ရှုံးနေတာလေ။ အခြားကိစ္စ စဉ်းစားရဖို့ လိုနေပါပြီ။
ချက်ခြင်းပဲ နည်းစနစ်အကွက်ပြန်ချဖို့ ကြည့်ရတာပေါ့။ အဲ့မှာ ဘယ်လိုမျိုးက အသင်းအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်မယ် ဆိုတာမျိုးကို ဆုံးဖြတ်ရပြီလေ။ ဒါကြောင့် ၅ မိနစ်စာအတွက် ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ လုပ်ခဲ့ပါတယ်။
ကိုဒီကို ဘယ်အစွန်လူအဖြစ် မြင်ရတာက ကွင်းထဲမှာထက် tactics board မှာတော့ ပိုကောင်းနေပါတယ် ” လို့ အာနယ် ဆလော့က ဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းမှာ ခံစစ်ပိုင်း လူစာရင်း အားနည်းနေတာကြောင့် ဘယ်အစွန်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်လာမယ်လို့ သတင်းထွက်ထားခဲ့ပြီး ဂက်ပိုကို အဆိုပါနေရာ ယာယီ သုံးစွဲမှု ရှိလာခဲ့တာပါ။ နောက်ပွဲတွေမှာ ထပ်သုံးမလားတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။