ရော်ဘတ်ဆန်ရဲ့ အနီကတ်က မပေးသင့်ကြောင်း ကျွမ်းကျင်သူတွေ ရှင်းပြချက်

ပြီးသွားတဲ့ပွဲဟာ ဘာမှ လုပ်မရပါဘူး။ ဒါကြောင့် ရလဒ်ကိုပဲ စိတ်ဝင်စားသူတွေကတော့ အောက်ပါ ဖော်ပြချက်ကို ဆက်မဖတ်လည်း ရပါတယ်။

ဖူလ်ဟမ်ပွဲမှာ ရော်ဘတ်ဆန်ရဲ့ ဖြစ်ရပ်ဟာ ဘာကြောင့် အနီကတ် မပြသင့်သလဲဆိုတာအတွက် ကျွမ်းကျင်သူတွေရဲ့ ရှင်းလင်းမှုအား LFCThaDin ဖတ်ရှုသူတွေ့အတွက် ဖော်ပြမှာဖြစ်ပါတယ်။

ဝဲလ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်းခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ” ဂိုးရနိုင်တဲ့ အခွင့်အရေးကို တားဆီးသူ” (DOGSO) အဖြစ် အနီကတ် ပြသခံခဲ့ရခြင်းဖြစ်ကာ ဒီဆုံးဖြတ်ချက်ကို လီဗာပူးပရိသတ်တွေက သိပ်ပြီး စောဒက မတက်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

အာနယ် ဆလော့က အဲ့လိုပဲမြင်သလို ဘီဘီစီ၊ စကိုင်းစပေါ့နဲ့ ESPN တို့မှ ဘောလုံးသုံးသပ်သူတွေဟာလည်း ဖူလ်ဟမ်ကို သရေကျတဲ့ပွဲမှာ အနီကတ် ပြခံရတဲ့ ရော်ဘတ်ဆန်ဟာ ထိုက်တန်တဲ့ အပြစ်ပေးမှုကို ရခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘောလုံးဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Johnson ကဆိုရင် “ ရော်ဘတ်ဆန်ရဲ့ အနီကတ် ပြစ်ဒဏ်ဟာ ၁ ပွဲပယ်ခံရမှာဖြစ်ပေမယ့် လီဗာပူးဘက်က အယူခံဝင်သင့်တယ်လို့ ဆိုပါတယ်။ ”

အကြောင်းကတော့ “ ဂျီမီနက်ဇ်က ဂိုးသွင်းခဲ့မယ်ဆိုရင်၊ ဖူလ်ဟမ်က ဂိုးရခဲ့မယ်ဆိုရင် ရော်ဘတ်ဆန်ဟာ အဝါကတ်ပဲ ပြခံရမှာပါ။ ဂျီမီနက်ဇ် မဝင်ခဲ့တော့ (DOGSO) က ဆက်ပြီး အသက်ဝင်နေခဲ့ပါတယ်။ အဲ့မှာ လီဗာပူးဘက်ကို အနီပေးခဲ့တာပါ။

VAR က ဒီအခြေအနေကို ပြန်သုံးသပ်ရာမှာ အဝါကတ်ကို လျော့ချပေးလို့ရပါတယ်။အနီကတ်ကတော့ ပြင်းထန်ပါတယ်။ ဝဲလ်ဆန်ရဲ့ ဘောလုံး ထိချက်ကို ကြည့်မယ်ဆိုရင် ဒါက ဂိုးရနိုင်တဲ့ အခွင့်အရေးလို့လည်း ပြောမရပါဘူး။

ရော်ဘတ်ဆန်က ဖောင်းဘော ရှင်းရှင်းလင်းလင်း လုပ်မိခဲ့သလို ကွင်းဗဟိုခြမ်းနဲ့ နီးနေတာကလည်း ဆုံးဖြတ်ချက်အပေါ် သက်ရောက်ခဲ့တာ ဖြစ်နိုင်ပေမယ့် ဘောလုံးရဲ့ ဦးတည်ချက်အရ ဗန်ဒိုက်က ဘောလုံးကို ရှင်းထုတ်နိုင်ချေ ရှိပါတယ် ” လို့ ဖော်ပြပါတယ်။

စကိုင်းစပေါ့မှ ဒိုင်လူကြီးဟောင်း Dermot Gallagher ကလည်း Johnson နဲ့ အမြင်တူပါတယ်။

Gallagher က ပြောရာမှာ “ ကျနော်ကတော့ အနီကတ်လို့ မထင်ပါဘူး။ အခုထိလည်း မထင်ဘူး။ ရော်ဘတ်ဆန်က ဘောလုံးထိန်းတာ ဟန်ချက်ပျက်ပြီး ဝဲလ်ဆန်က ဘောလုံးကို ထိခဲ့မိတယ်။ ဝဲလ်ဆန်က ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ကြီး ထိန်းချုပ်ခဲ့တာလား? မဟုတ်ဘူးပဲလေ။

ဝဲလ်ဆန်က ဘောလုံးထိန်းချုပ်သွားနိုင်ဖွယ်ရှိလား ဆိုရင်လည်း လီဗာပူးဘက်က ကစားသမားက အရင်ဦးသွားနိုင်တဲ့ သံသယဝင်စရာ အခြေအနေပါ။ ဝဲလ်ဆန်က ဂိုးဘက်ကို ဦးတည်နေပြီလားဆိုရင်လည်း မဟုတ်သေးဘူး။ သံသယဝင်စရာတွေ အများကြီး အခြေအနေကို (DOGSO) လို့ ပြောလို့ မရပါဘူး။

ပိုပြီး သင့်လျော်တဲ့ အနေအထားက အဝါကတ် ပြဖို့ပါ။ ဒိုင်လူကြီးက ချက်ခြင်းကြီး အနီကတ်ပြထားလိုက်တော့ လူတိုင်းက သူ့သဘောထားကို ဆက်ပြီး လက်ခံလိုက်တဲ့ သဘောပါပဲ ” လို့ ပြောပါတယ်။

ဂယ်ရီလင်ကာတို့ကလည်း ဘီဘီစီက တစ်ဆင့် ပြောရာမှာ ” ဝဲလ်ဆန်မှာ အခွင့်အရေး ရှိနေတာကြောင့် ရော်ဘတ်ဆန်က ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတယ်ဆိုတာ ငြင်းဖို့ခက်ပေမယ့် ဖူလ်ဟမ်ဘက်က ဘောလုံးကို ရသွားတဲ့အခါမျိုးမှ ဖြစ်ခဲ့မှပဲ အနီကတ်လို့ ပြောလို့ရတာပါ။

အခုက ဝဲလ်ဆန်က ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးဟာ လုံးဝ ဇီးရိုးပါ။ သူ ဘောလုံးထိချက်ကြီးက ပြင်းလွန်းလို့ စင်တောင်ထွက်နေတာ၊ ဂိုးဘယ်လိုမှ သွင်းနိုင်မယ့် အနေအထား မဟုတ်ဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။