ဆောင်းပါး| လီဗာပူးအသင်း စီမံအုပ်ချုပ်ရေးပိုင်းကို အကြီးစား ပြုပြင်နေပြီး ဒီဇိုင်းပြန်ဆွဲနေ

လီဗာပူးအသင်းဟာ ဒီနွေမှာ အသစ်ဝင်လာတဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်အပြင် သူ့ရဲ့ ဝန်ထမ်းတွေနဲ့အတူ အသင်းရဲ့ အရေးကြီးဌာနတွေကို ဒီဇိုင်းပြန်ဆွဲနေကြောင်း The Athletic က ဖော်ပြပါတယ်။

ဒီရာသီမှာ လူသစ်ခေါ်ယူရေးတွေ ကြီးကြီးမားမား မအောင်မြင်ထားဘဲ ခီယေဆာ တစ်ဦးတည်းကို လက်မှတ်ထိုးထားတာပါ။ စာချုပ်သစ်ကိစ္စမှာတော့ မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုးနိုင်ခြင်း မရှိသေးကာ ကွမ်းဆက် တစ်ဦးတည်းကို လက်မှတ်ထိုးထားတာဖြစ်ပါတယ်။

သို့ပေမယ့် လီဗာပူးအသင်းတွင်းမှာ အကြီးစား ပြုပြင်မှုတွေ ပြုလုပ်နေပြီး ရစ်ချက်ဟုချ်ဟာ အသင်းရဲ့ ကင်းထောက်ခြင်းနဲ့ ကစားသမား အငှားချခြင်းဆိုင်ရာ အော်ပရေးရှင်တွေးကို ကျယ်ပြန့်စွာ ပြန်လည်မွမ်းမံနေပါတယ်။

ကလော့ပ် ထွက်ခွာမှုနောက်ဆက်တွဲ ကင်းထောက်မှုဆိုင်ရာ ဒါရိုက်တာ ဒေ့ဗ်ဖော်လိုးကလည်း ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ပေမယ့် ကလပ်ရဲ့ အသွင်ပြောင်းမှုကို အဆင်ပြေစေဖို့ ၂၀၂၄ ခုနှစ် ခရစ္စမတ်ကာလထိ လက်ရှိ တာဝန်ကို ဆက်ယူပေးရေး အတ်ဝက်၊ ရစ်ချက်ဟုချ်တို့နဲ့ သဘောတူထားပေးခဲ့တယ်။

သူ့နေရာမှာ တိုက်ရိုက် အစားထိုးမှုရှိမှာ မဟုတ်ဘဲ လူသစ်ခေါ်ယူရေး ဌာနကလည်း အပြောင်းအလဲ စတင်ထားပြီဖြစ်ကာ ဟုချ်ရဲ့ နံပါတ် ၂ တွဲဘက်ဖြစ်တဲ့ ဝုဒ်ဖိုင်းက ကိုင်တွယ်သွားမှာပါ။

လီဗာပူးအသင်းဟာ ကင်းထောက်ချုပ်နဲ့ နည်းစနစ်ဆိုင်ရာကင်းထောက်ချုပ် ၂ ဦးကို အင်အားဖြည့်ထားကာ ကလပ်ရဲ့ သက်တော်ရှည်ဝန်ထမ်းဖြစ်သူ ကင်းထောက်အကြီးအကဲ ဘယ်ရီဟန်သာနဲ့ တွဲဘက်ပေးထားပါတယ်။ ဒါ့အပြင် ရစ်ချက်ဟုချ်က loans pathway lead နဲ့ loans performance analyst လို ရာထူးနေရာတွေကို အသစ်ဖွဲ့စည်းထားပြီး တာဝန်ယူမယ့်လူတွေကိုလည်း ဆက်တိုက် အားဖြည့်ထားပါပြီ။

လီဗာပူးအသင်းဟာ ယခင်က အသင်းမှာ မရှိထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကြယ်ပွင့်ကစားများတာဝန်ခံ (director of global talent) ရာထူးကိုလည်း ပြင်ဆင်ထည့်သွင်းထားကာ မာဆေးဆိုဒ်ဒေသတွင်း၊ ဗြိတိန်တွင်းနဲ့ နိုင်ငံတကာ ကြယ်ပွင့်တွေကို ရှာဖွေဖော်ထုတ်ရေး ကြိုးစားနေတယ်။

နယ်သာလန်၊ ဘယ်ဂျီယံ အပါအဝင် ဥရောပရဲ့ နိုင်ငံ ၄ ခုမှာ ကင်းထောက်သစ်တွေကို စတင်ဖြန့်ကျက်နေကာ သူတို့ကိုတော့ global talent scout တစ်ဦးက ကွပ်ကဲဖို့ပါ ရာထူးသစ် ခန့်အပ်ထားပါတယ်။

လီဗာပူးအသင်းဟာ ဒေတာတွေ အသုံးချမှုနိုင်မှုအပေါ် ပိုမို အာရုံစိုက်လာနေကာ ကျယ်ပြန့်တဲ့ ကင်းထောက် network တည်ထောင်ရေးပိုင်းကို အားထည့်လာနေပါတယ်။

အခုလို ကြီးမားတဲ့ ကလပ်ဒီဇိုင်း ပြန်လည်ဖွဲ့စည်းမှု ဖြစ်ပေါ်လာမှာကို နည်းပြဟောင်း ယာဂင်ကလော့ပ် ကြိုတင် သိထားခဲ့ကာ သူ့ရဲ့ နှုတ်ထွက်မှု မတိုင်ခင် လီဗာပူး အဝတ်လဲခန်းကို “ ခေတ်သစ်တစ်ခု စတင်မှုတွေ လုပ်လာနေပါပြီ။ အသင်းကို ရောက်လာမယ့် အင်အားသစ်တွေက တစ်ဆင့် မင်းတို့အားလုံး အကျိုးအမြတ် ရလာမှာပါ ” လို့ အသိပေးခဲ့ပါသေးတယ်။

လီဗာပူးအသင်းဟာ အိုင်ဒီယာအသစ်တွေ၊ လူသစ်တွေနဲ့အတူ ကလပ်ရဲ့ အဆင့်အတန်းကို အမြင့်ဆုံးမှာ ထားနိုင်ဖို့ ကလပ်ရဲ့ ဖွဲ့စည်းပုံတွေကို ပြန်ဖွဲ့နေတာဖြစ်တယ်။

အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ဂျွန်ဟင်နရီနဲ့ တွမ်ဝါနာတို့က FSG ရဲ့ football operation တွေမှာ ရှေ့ထွက်ပေးမယ့်သူအဖြစ် မိုက်ကယ် အတ်ဝပ်ကို ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လို့ ၎င်းတို့က အသင်းကို လက်လွှဲသွားတော့မှာမျိုး မဟုတ်သလို အသင်းကနေ နောက်ဆုတ်သွားတာမျိုးလည်း လုပ်မယ့်သတင်းမျိုးတော့ မရှိသေးဘူးလို့ ကလပ်ရဲ့ အကြီးတန်းအရာရှိက The Athletic ကို ပြောဆိုသွားသေးတာဖြစ်ပါတယ်။