အာနယ် ဆလော့ လက်ထက် ၂ ဆကျော် အင်အားကြီးထွားလာတဲ့ analyst ဌာနမှာ လူသစ်ထပ်ရောက်

လီဗာပူးအသင်းဟာ ဒီနှစ်ထဲ အကြီးအကျယ် အားဖြည့်နေတဲ့ analyst ဌာနအတွက် ထပ်တိုးခေါ်ယူမှုအသစ် ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

ဖီယင်နုအသင်းမှာ နည်းပြဆလော့နဲ့ လက်တွဲညီခဲ့တဲ့ နည်းစနစ်ပိုင်း analyst သမား Roderick van der Ham ကို ပထမအသင်းဆိုင်ရာ နည်းစနစ်ပိုင်း အကဲဖြတ်သူအဖြစ် ခန့်အပ်လိုက်တာပါ။

Van der Ham ဟာ လွန်ခဲ့တဲ့ ၂ လတည်းက လီဗာပူးကို ရောက်လာဖို့ သတင်းထွက်ခဲ့ပေမယ့် ယခုလို ဒီဇင်ဘာမှ တရားဝင် ကိစ္စတွေ ပြီးမြောက်ခဲ့တာပါ။

ဆောက်သမ်တန်ပွဲမှာ နည်းပြဆလော့နဲ့ ဗန်ဒါဟမ်းတို့ကို အတူတွဲတွေ့ရရာက ဒီကိစ္စကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်းကို ခေါ်ယူနိုင်ခြင်းဟာ လီဗာပူးအတွက် ပွဲကြိုမှာကော ပွဲနေ့မှာပါ သက်ရောက်မှု ကြီးမားနိုင်ပါတယ်။

ဗန်ဒါဟမ်းဟာ နည်းပြချုပ်အတွက် အရေးပါလာမယ့်သူဖြစ်ကာ ပွဲနေ့အတွင်း ကိုယ့်အသင်းရဲ့ အခြေအနေတင် မကဘဲ ပြိုင်ဘက်ရဲ့ အခြေအနေကိုပါ နည်းပြဆလော့ထံ အကြံပေး တင်ပြရမှာဖြစ်ပါတယ်။

နည်းပြဆလော့ လက်ထက်မှာ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က လီဗာပူးအသင်းရဲ့ analyst အဖွဲ့ကို အကြီးစား အားဖြည့်မှုတွေ လုပ်ဆောင်ပေးနေတာပါ။ ပြိုင်ဘက်အသင်းတွေကို စောင့်ကြည့်ဖို့အတွက်ကော ပွဲနေ့မှာ ကိုယ့်အသင်းဘက်ကိုပါ စောင့်ကြည့်ဖို့ပါ analyst အသစ် ၅ ဦးထက်မနည်း လီဗာပူးကို အသစ်ရောက်လာခဲ့ပါတယ်။

ယခင်ကတော့ လီဗာပူးအသင်းမှာ ယာဂင်ကလော့ပ်ရဲ့ မျက်လုံးလို့ နာမည်ကြီးတဲ့ ပီတာက ပွဲအခြေအနေကို အမြင်ဖြင့် စောင့်ကြည့်တဲ့ visual analysis ကို တာဝန်ယူခဲ့တာပါ။ ဆလော့ လက်ထက်မှာတော့ ဒီဌာနဟာ ယခင်ကထက် ၂ ဆကျော် ကြီးထွားလာနေတာဖြစ်ပါတယ်။

မိုက်ကယ်အတ်ဝပ်ဘက်ကလည်း အက်ဆာ လေ့ကျင့်ရေးက ဆလော့ရဲ့ ရုံးခန်းမှာ သီးသန့် screen board တွေ အသစ် ထည့်ထားပေးသလို အစည်းအဝေးခန်းတွေမှာလည်း မော်နီတာအသစ်တွေ တိုးချဲ့ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။