

လီဗာပူးအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်ဖွယ် ရှိနေသလို နံပါတ် ၉ တိုက်စစ်မှူး နေရာအတွက် အလေးပေး စိစစ်မှု ပြုလုပ်နေပါတယ်။
ဒီလတွေအတွင်း ကင်းထောက်အဖွဲ့တွေ သွားရောက် စောင့်ကြည့်နေတဲ့ ကစားသမား စာရင်းတွေအရ အထောင်တိုက်စစ်နေရာအတွက် လီဗာပူးရဲ့ အလေးထားမှုက ပေါ့သေးသေး မဟုတ်ဘူးလို့လည်း နားလည်ထားရတယ်။
The Athletic ရဲ့ အဆိုအရ လီဗာပူးအသင်း စောင့်ကြည့် အကဲဖြတ်နေတဲ့ ကစားသမားတွေထဲမှာ လိုက်ဇစ် တိုက်စစ်မှူး ဆက်ကိုလည်း ပါဝင်လို့နေပါတယ်။
၂၀၂၃ ခုနှစ်မှာ ဆဲလ်ဘတ်ကနေ လိုက်ဇစ်ကို ပြောင်းခဲ့တဲ့ ဆက်ကိုဟာ အခုမှ အသက် ၂၁ နှစ်ပဲ ရှိသေးသူပါ။ သူဟာ မနှစ်ကရာသီမှာ လိုက်ဇစ်အတွက် ၄၂ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းယူခဲ့သူဖြစ်ပါတယ်။ ဒီရာသီမှာလည်း ၂၂ ပွဲအတွင်း ၁၀ ဂိုး သွင်းထားပါသေးတယ်။
ဒီနွေတုန်းက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ်တို့က ဆက်ကို ကို ခေါ်ယူရေး ချိတ်ဆက်ချိန်မှာ တိုက်စစ်သမားက သူ့ရဲ့ တိုးတက်မှုအတွက် လိုက်ဇစ်မှာ ၁ ရာသီ ဆက်နေဖို့ကိုပဲ ရွေးချယ်သွားပါတယ်။
လိုက်ဇစ်နဲ့ ဆက်ကိုတို့ဟာ ၂၀၂၉ ခုနှစ်ထိ စာချုပ်ရှိထားပေမယ့် လူကြီးလူကောင်း သဘောတူညီချက်အရ အားကောင်းတဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် လက်ခံ စကားပြောပေးရမယ်လို့လည်း သိရတယ်။
လီဗာပူးအသင်းမှာ နံပါတ် ၉ နေရာအတွက် တိုက်စစ်မှူး ၂ ဦးအဖြစ် ဒါဝင်နဲ့ ဂျိုတာတို့ ပိုင်ဆိုင်ထားတာပါ။ ဂျိုတာဟာ ကမ္ဘာ့အကောင်းဆုံး အဆုံးသတ်သူဖြစ်သလို ဒါဝင်ကလည်း ဖိအားပေးနိုင်စွမ်းနဲ့ ပတ်သက်လာရင် ထိပ်တန်း နံပါတ် ၉ သမားတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဂျိုတာရဲ့ မကြာခဏ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်ရခြင်းနဲ့ ဒါဝင်ရဲ့ အဆုံးသတ် ညံ့ဖျင်းခြင်းတွေဟာ လီဗာပူးရဲ့ ရလဒ်တွေကို ကြီးကြီးမားမား ထိခိုက်စေခဲ့တာ ကာလရှည်လာနေခဲ့ပါပြီ။
ဆလော့ ကိုယ်တိုင်ကတော့ ဒါဝင်အပေါ် ယုံကြည်နေဆဲဖြစ်ပေမယ့် လီဗာပူး တာဝန်ရှိသူတွေဟာ ပိုကောင်းတဲ့ ရွေးချယ်မှုတွေအတွက် နံပါတ် ၉ သမားတွေကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။