NEWS: လီဗာပူးထံ ပြောင်းရေး လမ်းဖွင့်ပေးလာတဲ့ ဘိုင်ယန်မြူးနစ် ဘယ်အစွန်လူ အဖွန်ဆို ဒေးဗစ်

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူလိုနေတဲ့ ဘယ်အစွန်လူ အဖွန်ဆို ဒေးဗစ်ဟာ လီဗာပူးအသင်းထံ ပြောင်းနိုင်ချေပါ ရှိလာနေပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘယ်အစွန်-တောင်ပံ ကစားသမားကို ဥရောပကလပ် အများအပြားက ခေါ်ယူလိုနေရာမှာ ဘယ်ခြမ်း လိုအပ်ချက်ကြီးရှိနေတဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က သတင်းကြီးတွေကို ကြိုတင် ထွက်ပေါ်ထားတာပါ။

ယခု အခါမှာတော့ ရော်ဘတ်ဆန်နေရာ အင်အားဖြည့်ဖို့ ကြိုးစားနေတဲ့ လီဗာပူးကလည်း နွေမှာ စာချုပ်ကုန်တော့မယ့် အဖွန်ဆိုကို ခေါ်ယူလို့ရနိုင်ကြောင်း သတင်းတက်လာနေပါတယ်။

BILD သတင်းဌာနရဲ့ အကြီးအကဲဖြစ်သူ သတင်းထောက် Christian Falk ကပဲ “ ဘိုင်ယန်မြူးနစ်ကနေ အသင်းပြောင်းဖို့ကို အဖွန်ဆို ဒေးဗစ်က လမ်းဖွင့်ပေးထားပါတယ်။ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သေချာတဲ့ သတင်းမရှိသေးပါဘူး။ လက်တလောမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ စကားပြောနေဆဲပါ။

အဖွန်ဆိုရဲ့ အေးဂျင့် Nick Huoseh က နှစ်သစ်ကူးမှပဲ ထိပ်တန်းအသင်းတွေနဲ့ စကားပြောပါလိမ့်မယ်။ Nick Huoseh က အင်္ဂလန်ကို ရောက်လာဖို့ ရှိသလို လီဗာပူးကလည်း သူနဲ့ တွေ့ဆုံမှာပါ။

လီဗာပူးအသင်းဟာ အဖွန်ဆိုရွေးချယ်ဖို့အတွက် အသင်းကောင်းဖြစ်ပါတယ်။ ကစားဟန်ကလည်း သူနဲ့ အံ့ဝင်မှုရှိတယ်။ လီဗာပူးက အဖွန်ဆိုကို ရသွားဖို့ အခွင့်အရေး ရှိပါတယ်။

အခြားသော ပြိုင်ဘက်တွေထက်စာရင် ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ ပိုစိတ်ဝင်စားမှု ပြသနေပါတယ်။ ဘိုင်ယန်ကလည်း စာချုပ်သစ်ပေးနိုင်ရေး အားထုတ်နေတယ်။ အလုပ်ဖြစ်ဖို့ သူတို့ မျှော်လင့်နေဆဲပါ။ လီဗာပူးဘက်က အလိုရှိမယ်ဆိုရင် သူတို့ကလည်း အဖွန်ဆိုကို ရသွားနိုင်ပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။