

ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကတော့ နွေအပြောင်းအရွှေ့တုန်းက လီဗာပူးအသင်းထံကနေ ကမ်းလှမ်းမှုရခဲ့ခြင်းနဲ့ စပိန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းတွေ အကြောင်း ထုတ်ပြောလာပါတယ်။
အသက် ၂၅ နှစ်အရွယ် စပိန်သားဟာ နည်းပြ ဆလော့ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အသက် ၁၂ နှစ်ကတည်းက ပူးပေါင်းခဲ့တဲ့ မိခင်ကလပ်ကို အကျပ်အတည်းထဲမှာ မထားခဲ့လိုတဲ့ ဆန္ဒတွေကြောင့် ဇူဘီမန်ဒီက အပြောင်းအရွှေ့ အပြီးသတ်ဖို့ကို ငြင်းဆန်သွားခဲ့တာပါ။
လီဗာပူးထံက ကမ်းလှမ်းခံရမှုနဲ့ ပတ်သက်လို့ ဇူဘီမန်ဒီက ပြောပြရာမှာ ” ကျနော်က အားလပ်ရက် ခရီးထွက်နေချိန်မှာ ဒီကိစ္စကြောင့် အံ့ဩသင့်မိခဲ့ရပါတယ်။ ဒါက ကျနော်ရဲ့ ပလန်ထဲမှာ ပါဝင်ခဲ့တဲ့ ကိစ္စ မဟုတ်ပါဘူး ” လို့ ဖြစ်ပါတယ်။
” ဒီအခြေအနေတွေဖြစ်လာချိန်မှာ ကျနော်ဘက်က တုန့်ပြန်မှု လုပ်ခဲ့ရတယ်။ ကျနော်အတွက်တော့ တကယ်ကို သက်သောင့်သက်သာ မရှိတဲ့ အချိန်ပါပဲ။ ဒါပေမယ့် အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီးတဲ့ အခါမှာတော့ ဆက်နေတာက အကောင်းဆုံးဖြစ်မယ်လို့ ရွေးချယ်ခဲ့ပါတယ် ” ဆိုပြီး ပြောပါသေးတယ်။
ဇူဘီမန်ဒီကတော့ သူ့ရဲ့ တစ်ဦးချင်းဆိုင်ရာ တိုးတက်မှုနဲ့ ငယ်မွေးခြံပေါက် ကလပ်ရဲ့ ပရော်ဂျက်တွေကို ဆက်လက် ယုံကြည်ဖို့အတွက် ဆိုစီဒက်မှာ ဆက်နေခဲ့တာပါ။ သူ တကယ်ကောင်းကောင်း လုပ်နိုင်ရင် နောက်ထပ် အခွင့်အရေး ထပ်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။
” ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး တိုးတက်မှုတွေအတွက်လည်း ကြည့်ခဲ့ရသလို ကလပ်ရဲ့ ပရော်ဂျက်အတွက်လည်း ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရာသီ အသင်းမှာ ကျနော်က အရေးပါမယ့် ကစားသမားဆိုတာ သိခဲ့ပါတယ်။ အသင်းမှာ ဆက်နေဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။
ဘဝမှာ တစ်ကြိမ်တည်းရနိုင်တဲ့ အခွင့်အရေး ဆိုတာမျိုးကို ကျနော် မယုံပါဘူး။ ကိုယ် တကယ်ကောင်းနေရင် ထူးခြားတာတွေ လက်ခံရနိုင်ပါတယ်။ အခွင့်အရေးတွေ လာဦးမှာပါ။ လောနေဖို့ မလိုပါဘူး ” လို့လည်း ဇူဘီမန်ဒီက ဆက်ပြောခဲ့ပါတယ်။
လာမယ့် စျေးကွက်တွေမှာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ လီဗာပူးအပြင် မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ကပါ စိတ်ဝင်စားမှု ပြသနေကြပြီဖြစ်ပါတယ်။