ရှုံးပွဲအပြီး ပိုစတီကိုဂလူရဲ့ ဝန်ခံချက်၊ ဇယားထိပ်ကို ၄ မှတ်ဖြတ်ခြင်း၊ စာချုပ်ကိစ္စတွေအတွက် တိုက်တွန်းမှုများနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ လန်ဒန်က အပြန်မှာ အနိုင် ၃ မှတ်ပါ ယူလာနိုင်ခြင်းကြောင့် ၁ ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယား ဒုတိယနေရာက ချယ်ဆီးကို ၄ မှတ်ဖြတ်ထားနိုင်သလို အဆင့် ၃ နေရာက အာဆင်နယ်ကိုလည်း ၆ မှတ်ဖြတ်ထားပါပြီ။

စပါးအသင်းဟာ ဒီရာသီမှာ ပွဲတွေကို ရှုံးခဲ့ရင်တောင် ၁ ဂိုးထက်တော့ ဂိုးပိုမပြတ်ပါဘူး။ လီဗာပူးနဲ့ကျမှ ပြတ်ပြတ်သားသား အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

စပါးကွင်းမှာ လီဗာပူးက ၆ ဂိုးထိ တရစပ် သွင်းယူခြင်းဟာ မနှစ်ကရာသီ အကြီးအကျယ် အထိနာခဲ့တဲ့ ပွဲစဉ်အတွက် လက်စားပြန်ချေခြင်းလို့ ယူဆခံနေရပါတယ်။

လီဗာပူးနဲ့ စပါးအသင်းကြားမှာ ကွာဟချက်က ကြီးမားလွန်းပါတယ်လို့ စပါးနည်းပြ ပိုစတီကိုဂလူက ထုတ်ပြောပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ၁ ရာသီကို သွင်းဂိုး ၁၀ ဂိုး၊ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်အား အနည်းဆုံး ၆ ရာသီ လုပ်နိုင်တဲ့ ကစားသမားဆိုလို မိုဆာလာ တစ်ဦးတည်း ရှိဖူးပါတယ်။

ဒီပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံးဆုအဖြစ် လီဗာပူးပရိသတ်တွေက မိုဆာလာကို ရွေးချယ်ပေးသွားပါတယ်။ ပွဲအပြီးမှာ စာချုပ်ကိစ္စ မေးခံရချိန် ဆာလာက ပြုံးပြီး မဖြေပရစေနဲ့ ဆိုကာ ရှောင်ထွက်သွားပါတယ်။

ဆိုဘိုစလိုင်ဟာ သူ့ရဲ့ကစားအား၊ အသင်းအတွက် ထောက်ပံ့ပေးနိုင်စွမ်းတွေအတွက် အသင်းဖော်တွေကြားမှာ လေးလေးနက်နက် ချီးကျူးခံနေရပါတယ်။

ဒီရာသီ လီဗာပူးကို ယှဉ်ပြိုင် ဖလားလုမှာဟာ ချယ်ဆီး မဟုတ်ဘဲ အာဆင်နယ်ပါလို့ ဂယ်ရီနဗီးက သတိပေးပါတယ်။ သူကပဲ လီဗာပူးရဲ့ ရိုဒရီက ဗန်ဒိုက်ပါလို့ ဖော်ထုတ်သွားပါသေးတယ်။

ထရန့်ကို ခရစ္စမတ် လက်ဆောင်အဖြစ် စာရွက်နဲ့ ဘောပင် ပေးချင်တယ်လို့ ဂျိုတာက ပြောပါတယ်။ ဒါမှ ညာအစွန်လူ စာချုပ်သစ်မှာ လက်မှတ်ထိုးနိုင်မှာလို့ ပေါ်တူဂီသားက ဆိုပါတယ်။

ထရန့်လို ကစားသမားကို စာချုပ်သစ် မပေးနိုင်ဘဲ အသင်းကနေ ထွက်ခွာခွင့် ပေးရမယ်ဆိုရင် ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်လိမ့်မယ်လို့ သတိပေးခံနေရပါတယ်။

ဂျင်မီကာရေဂါကတော့ ထရန့်ကို မထိန်းနိုင်ရင်တောင် ဗန်ဒိုက်နဲ့ ဆာလာကိုတော့ ရအောင် ထိန်းထားပါလို့ တိုက်တွန်းပါတယ်။