ခရစ္စမတ်ဆုတောင်းကို အပျော်ကြီး ပျော်နေတဲ့ အာဆင်နယ်ပရိသတ်တွေနဲ့ ဆာလာရဲ့ လုပ်ရပ်ကို အထင်ကြီးနေကြတဲ့ လီဗာပူးပရိသတ်များ

မိုဆာလာဟာ ခရစ္စမတ်နေ့မှာတော့ Merry Christmas ပါလို့ သူ့ရဲ့ လူမှုကွန်ယက်ကနေ ဆုတောင်းပေးခဲ့ပါတယ်။

ဆာလာဟာ သူ့ရဲ့ မိတ်ဆွေအပေါင်းအသင်းနဲ့တကွ အားလုံးသော ပရိသတ်တွေ ပျော်ရွှင်ကြစေဖို့ရာ ဘာသာတူ မဟုတ်ပေမယ့် ခရစ္စမတ်နေ့ကို ဆုတောင်းပေးလေ့ရှိတာပါ။

ကောလဟာလတွေမှာတော့ ဆာလာ အဲ့လို ဆုတောင်းပေးတိုင်း ဒုတိယရာသီဝက်ရောက်ရင် ခြေကျတတ်တယ်လို့ ဇာတ်လမ်းဆင်တူတွေရှိနေပါတယ်။ ဒါကိုတော့ ဆာလာ ကျိန်စာလို့လည်း အယူသီးသူတွေက ပြောလ့ရှိပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးရောက်နေချိန် ဆာလာထံက ခရစ္စမတ်ဆုတောင်း မြင်ရဖို့၊ ဆာလာ ကျိန်စာ ထပ်ဖြစ်လာစေဖို့ စောင့်မျှော်နေတဲ့ ပြိုင်ဘက်ပရိသတ်တွေ အတော်လေး များပြားခဲ့တယ်။

အဲ့ထဲမှာဆိုရင် အာဆင်နယ်ပရိသတ်တွေက ထိပ်ဆုံးက ပါခဲ့ပြီး မနေ့က ဆာလာ ဆုတောင်းပေးမှုကို အပျော်ကြီးပါ ပျော်ခဲ့ကြတာပါ။ ၎င်းတို့ကတော့ ဒီဆုတောင်းကြောင့် ဆာလာ ခြေစွမ်းကျတော့မယ်၊ အာဆင်နယ် အခွင့်အရေးရတော့မယ်လို့ မျှော်လင့်နေကြပါတယ်။

လီဗာပူးပရိသတ် အများစုကတော့ ဆာလာထံက ခရစ္စမတ်ဆုတောင်းကို မြင်တဲ့နောက်မှာ ခရစ္စမတ်ပုံတင်ရင် ခြေကျတော့မယ်ဆိုတဲ့ ဇာတ်လမ်းကို ပြိုင်ဘက်ပရိသတ်တွေက ပိုကြီးထွားအောင် လုပ်နေချိန် ဆာလာရဲ့ အပြုအမှုဟာ ကိုယ့်ဘာသာ ယုံကြည်မှုရှိသူ တစ်ယောက်ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မြင်ရခြင်းလို့ တုန့်ပြန်နေကြတယ်။

အွန်လိုင်းပေါ်က ကီးဘုတ်ဖိုက်တာတွေကို စိုးရိမ်ထိတ်လန့်နေခြင်း မရှိသလို ပျော့ညံ့သူတစ်ယောက် မဟုတ်ကြောင်း ထပ်မံပြသခဲ့တဲ့ ဆာလာရဲ့ လုပ်ရပ်ကြောင့်ပဲ ဒုတိယရာသီဝက်မှာ အီဂျစ်သား ခြေစွမ်းကျစရာ ဘာအကြောင်းမှ မရှိဘူးလို့ လီဗာပူးပရိသတ်တွေက မှတ်ချက်တွေ ပေးနေကြတာ ဖြစ်ပါတယ်။