ဆိုဘို မပါနိုင်လည်း ဘာဖြစ်လဲ နောက်တစ်ယောက် လာမယ်လို့ အာနယ် ဆလော့ အသိပေး

လက်စတာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လူစားဝင်လာပြီး ၃ မိနစ်မှာတင် အဝါကတ်ရခဲ့တဲ့ ဆိုဘိုစလိုင်ဟာ ဒီအပတ် ဝက်စ်ဟမ်းပွဲမှာ ပါဝင်နိုင်ဖို့ မရှိပါဘူး။

ဒီရာသီမှာ အဝါကတ် ၅ ကတ် ပြည့်ခဲ့ပြီဖြစ်တဲ့ ဆိုဘိုစလိုင်ဟာ ၁ ပွဲပယ် ပြစ်ဒဏ်ကြောင့် လန်ဒန်မှာ သွားရောက်ကစားရမယ့်ပွဲကို လွဲပါလိမ့်မယ်။ ဒီတလော ကွင်းလယ်မှာ အရမ်း ခြေစွာနေတဲ့ ဆိုဘို မပါနိုင်တာကို အားနည်းချက်လို နည်းပြ ဆလော့က မမြင်ပါဘူး။

ဆိုဘို မကစားနိုင်ရင် အခြားသော ကစားသမားတစ်ယောက်က ပွဲထွက်မှာ ပါဝင်ဖို့ အခွင့်အရေး ရသွားမှာဖြစ်ပြီး ခြေစွမ်းပြနိုင်ရမယ်လို့ ပွဲကြိုမှာ ပြောပါတယ်။

“ ဆိုဘို မပါနိုင်တာ အခြားတစ်ယောက်အတွက် အခွင့်အရေးလို့ပဲ မြင်ပါတယ်။ စပါးပွဲမှာ ဆိုဘိုစလိုင်က သိပ်ကောင်းခဲ့တော့ ကျနော်တို့ရဲ့ အမြင်နဲ့ ပလန်က ဝက်စ်ဟမ်းပွဲမှာလည်း သူ ဆက်ကောင်းနေဖို့ပါပဲ (ဆက်သုံးဖို့ ပလန်ထားတာလို့ ဆိုလို)။

ဒါပေမယ့် အခု သူ မပါနိုင်တော့ဘူး။ ဒီတော့ ဝက်စ်ဟမ်းပွဲမှာ အခြားသော ကစားသမားတစ်ယောက်က ကောင်းပြရပါလိမ့်မယ် ” လို့ နည်းပြဆလော့က ပြောကပါတယ်။

ဝက်စ်ဟမ်းပွဲမှာတော့ မာကာ၊ ဂရာဗင်ဘက်ချ်တို့နဲ့ တွဲကစားဖို့ရာ ကာတစ်ဂျုံး ရှိနေသလို ဟာဗေးနဲ့ အန်ဒိုတို့လို ပွဲကစားချိန် လိုအပ်နေတဲ့ ကွင်းလယ်လူတွေလည်း ရှိနေပါသေးတယ်။

ဝက်စ်ဟမ်းပွဲမှာ ဂရာဗင်ဘက်ချ်၊ ဂက်ပို၊ ဒါဝင်တို့ အဝါကတ် ရခဲ့ကြမယ်ဆိုရင် အဝတ်ကတ် ၅ ကြိမ်ပြည့်မှာဖြစ်ပြီး ယူနိုက်တက်ပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ်။