ဝက်စ်ဟမ်းကို အနိုင်ရအပြီး စာချုပ်နဲ့ ဆုဖလား မေးခွန်းတွေကို တည့်တိုးပဲ ပြန်ဖြေတဲ့ မိုဆာလာ

ဝက်စ်ဟမ်းကို ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်သွားခဲ့တဲ့ မိုဆာလာကတော့ ပွဲအပြီးမှာ လူတိုင်း သိချင်နေတဲ့ စာချုပ်ကိစ္စအတွက် တည့်တိုးပဲ ပြောသွားပါတယ်။

“ ကျနော်တို့ အဲ့ကိစ္စတွေ မပြောချင်သေးဘူး၊ ခင်ဝေးဝေးမှာ နေပါရစေ။ မီဒီယာတွေမှာ တစ်ခုခုပါလာပြီး လူတွေပြောစရာဖြစ်အောင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် ထူးခြားတာတော့ မရှိသေးပါဘူး။

အခုချိန်မှာ အသင်းအတွက်ပဲ ကျနော် အာရုံစိုက်နေသလို ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ပဲ မျှော်လင့်နေပါတယ် ” လို့ မိုဆာလာက ပြောဆိုသွားပါတယ်။

ဆာလာကတော့ ကောလဟာလတွေနဲ့အတူ ပွက်ပွက်ဆူနေမယ့် အနေအထားကို ငြိမ်သက်စေရေး လီဗာပူး ဖလားရဖို့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဘောလုံးရာသီဝက်ကို ကျော်ဖြတ်မှာဖြစ်ကြောင်း သတိပေးပါတယ်။ ဒါ့အပြင် လီဗာပူးကို လိုက်လံဖိအားပေးနေတဲ့ အသင်းကောင်းတွေရှိနေတာကိုလည်း သူ နားလည်ပါတယ်။

“ ကျနော် အတွေးထဲမှာရှိနေတဲ့ တစ်ခုတည်းသော ကိစ္စက လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလား ​အောင်မြင်စေချင်တာပါ။ ကျနော်ကလည်း အစိတ်အပိုင်းအဖြစ် ပါဝင်သွားလိုတယ်။

ရာသီစကတည်းက ဒီတစ်ခုကိုပဲ ကျနော် အာရုံစိုက်ထားတယ်။ ဒီတော့ အသင်း ဆုဖလားအောင်မြင်ဖို့ အစွမ်းကုန် ကြိုးစားပါမယ်။ ကျနော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်။

ဒါပေမယ့် အသင်းအချို့ကလည်း ကျနော်တို့ကို ဖိအားပေးနိုင်ရေး ကြိုးစားနေတယ်။ သူတို့က အသင်းကောင်းတွေပါ။ ဒီတော့ ကျနော်တို့ ကိုယ်ဘာသာ အာရုံစိုက်ရမယ်၊ နှိမ့်ချပြီး လာမယ့်ပွဲတွေအတွက် ဆက်လက် အားထုတ်နေရပါမယ် ” လို့ ဆာလာက ဆိုသွားတာ ဖြစ်ပါတယ်။