

ထရန့်ဟာ လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးသလို ရီးရဲလ်မက်ဒရစ်နဲ့လည်း ဆွေးနွေးမှု မလုပ်ရသေးပါဘူး။ ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင် ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။
ဗြိတိန်ရဲ့ နာမည်ကြီး သတင်းထောက်တွေရဲ့ အပြောအရဆိုရင် ထရန့်ရဲ့ ကိုယ်စားလှယ်တွေဟာ လီဗာပူးဘက်ကကော၊ ရီးရဲလ်ဘက်ကပါ ကမ်းလှမ်းလာမယ့် အဆိုသွင်းမှု ၂ ခုလုံးကို နားထောင်ကြည့်လိုနေဟန် ရှိပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင် စာချုပ်သစ်ကိစ္စဟာ ၂၀၂၅ ခုနှစ်ထဲထိ ဆက်ဆွေးနွေးကြပါလိမ့်မယ်။
ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ လီဗာပူးဘက်က သူတို့ကို စာချုပ်သစ်ပေးလိုကြောင်း သဘောထားကို ရှင်းရှင်းလင်းလင်း ရထားပါပြီ။ မာဆေးဆိုဒ်ကလပ်ဘက်က ၂ နှစ်စာချုပ်ကိုယ်စီ ကမ်းလှမ်းထားတာ ဖြစ်ကာ ကစားသမားတွေဘက်ကတော့ သက်တမ်းရှည်စာချုပ် ရလိုနေတာမျိုး ဖြစ်ပါတယ်။
ဖူလ်ဟမ်ခံစစ်သမား ရော်ဘင်ဆန်ကို လီဗာပူးစိတ်ဝင်စားမှုဟာ အင်မတန် နည်းပါးပါတယ်။ ဘုန်းမောက်အသင်းမှ ကာဇ့်ကိုလည်း အရမ်းကြီး သဘောကျနေတာ မဟုတ်ဘဲ လီဗာပူးရှာနေတဲ့ ဘယ်အစွန်လူက သူနဲ့ ကစားဟန် မတူညီပါဘူး။
ဇူဘီမန်ဒီကို ခေါ်ယူရေး လီဗာပူးဘက်က ဆက်လက် စိတ်ဝင်စားဆဲဆိုပေမယ့် ဇန်နဝါရီမှာ စပိန်သားကို ချိတ်ဆက်ဖို့ မန်စီးတီးကတောင် ပိုအလေးသာနေပါတယ်။
အန်ဒိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဘက်က စိတ်ဝင်စားလာနေပြီး လီဗာပူးဘက်ကတော့ ကွင်းလယ်မှာ လူအင်အားလျော့သွားနိုင်တာကြောင်း ရောင်းချလိုရိပ် မပြသသေးပါဘူး။
မက်ဒယ်ဘရော့မှာ အရမ်းကောင်းနေတဲ့ ဗန်ဒုတ်ကို ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ပဲလေစ့်နဲ့ အခြားသောအသင်းတွေ စိတ်ဝင်စားမှု ပြသလာပါတယ်။
တိုက်စစ်မှူး ခီယေဆာကို ဒီတစ်ရာသီလုံး ထိန်းသုံးမယ့် သဘောမျိုး နည်းပြဆလော့က ပြောပါတယ်။ ဇန်နဝါရီမှာ စီးရီးအေကို အငှားပြန်ချမယ့် အနေအထား လက်တလော မရှိသေးပါဘူး။
မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး မရှိဘူးလို့ ဂွာဒီယိုလာ ပြောဆိုသွားပြီး ဇန်နဝါရီမှာ လူသစ်ရလိုကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။