ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်မလား တိုက်ရိုက် မေးခွန်းအတွက် အာနယ် ဆလော့ တုန့်ပြန်

လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြ အာနယ် ဆလော့ဟာ အပြောင်းအရွှေ့အကြောင်း မေးခံရပါတယ်။

ဇန်နဝါရီစျေးကွက်ကနေ လီဗာပူးအသင်း အပြောင်းအရွှေ့ လှုပ်ရှားမှုများ ရှိမလား? မေးခွန်းအတွက် အာနယ် ဆလော့က

“ ကျနော်တို့ လူသစ်ခေါ်ယူမလား ဆိုတဲ့ ကိစ္စက မီဒီယာတွေမှာ ဘာမှ မထူးခြားသေးဘူး မဟုတ်လား? ကျနော်လည်း ဒီအကြောင်း စိတ်ထဲမှာ မရှိပါဘူး။

လက်ရှိ ကျနော်တို့ လူစာရင်းနဲ့ ပတ်သက်ပြီး ပျော်ရွှင်ပါတယ်။ ဒါကို အရင် ၆ လလောက်ကလည်း ကျနော် ပြောခဲ့ပြီး အဲ့တုန်းကတော့ ဒီလူကြီး ရူးနေလား မသိဘူးလို့ လူတွေ ပြောကြတာရှိပါတယ်။

ကစားသမားတွေက သူတို့ ယုံကြည်မှုတွေရှိတာကို ပြသနေပြီး ဂိုးမက်စ်နေရာ လူစားဝင်လာတဲ့ ကွမ်းဆက်ဆိုရင်လည်း ပွဲမကစားရတာ အတော်လေး ကြာနေပေမယ့် ကောင်းကောင်းကစားပြခဲ့တယ်။ ဒီကစားသမား အားလုံးကို အသင်းအတွက် လိုအပ်ပါတယ် ” လို့ တုန့်ပြန်သွားပါတယ်။

မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စအတွက်တော့ ” သူတို့တွေ ကျနော်နဲ့ တွေ့ဆုံစကားပြောလိုတဲ့အခါ၊ လေ့ကျင့်ရေးမှာ ရှိနေတဲ့အခါမျိုးမှာတော့ သူတို့က ကျနော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိကြပါတယ်။ ဒါပေမယ့် သီးသန့် စကားပြောကြတဲ့ စာချုပ်အခြေအနေတွေကတော့ ကျနော့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။

ကျနော် မန်နေဂျာဖြစ်နေသမျှတော့ အခြေအနေက ဒီလိုပဲဖြစ်နေမှာပါ။ ကွင်းထဲမှာ သူတို့ထံကနေ ကျနော် ဘာကိုမျှော်လင့်တယ်ဆိုတဲ့အပေါ် ထိန်းချုပ်မှုကတော့ ကျနော် လက်ထဲမှာပါ။ ကျနော်ကတော့ သူတို့ အသင်းအတွက် လုပ်ပြပေးနေတာတွေကို ကျေနပ်ပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။