ယူရို ၂၅ သန်းကို ငြင်းကာ ထရန့် မျှော်လင်ချက်အား အဆုံးထိ ဆုပ်ကိုင်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ညာအစွန်လူ ထရန့်အတွက် ရီးရဲလ်မက်ဒရစ်အသင်းထံက ဒုတိယမြောက် ကမ်းလှမ်းမှုကိုလည်း ပယ်ချသွားဖို့ အဆင်သင့်ရှိနေပါတယ်။

စပိန်ကလပ်ဟာ ယူရို ၂၅ သန်း တန်ကြေးရှိ နောက်ထပ် ကမ်းလှမ်းမှုဖြင့် ဇန်နဝါရီမှာတင် ထရန့်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားတော့မှာပါ။ လီဗာပူးဘက်ကတော့ လက်ထောက် အသင်းခေါင်းဆောင်ကို လုံးဝ မရောင်းထုတ်ဖို့ တင်းခံသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှု ယူရို ၁၅ သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမယ့် ယူရို ၂၅ သန်းတို့ကို လက်မခံခြင်းဟာ လီဗာပူးဘက်က ထရန့်ကို သက်တမ်းတိုးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလျော့လိုခြင်းကြောင့်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။

Times သတင်းထောက် Paul Joyce ကတော့ ” ထရန့်ဟာ လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ ဆက်လက် စကားပြောနေဆဲဖြစ်ပါတယ်။ ညာအစွန်လူက သူ အသင်းကနေ ထွက်ခွာလိုကြောင်း အရိပ်အယောင် မပြသထားပါဘူး ” လို့ ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လာခဲ့တယ်။

ဒီကိစ္စဟာ ဇန်နဝါရီလ ၁ ရက်နေ့တည်းက ရီးရဲလ်မက်ဒရစ်နဲ့ စတင် စကားပြောခွင့်ရထားပြီး ဘာနေဗျူးကို ထရန့်ရဲ့ ခြေတစ်ဘက် ရောက်နေပြီဆိုတဲ့ စပိန်သတင်းတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

အားကစားရှုထောင့်အရဆိုရင် ရာသီကုန်မှာ သက်တမ်းကုန်မယ့် ကစားသမားကို ဇန်နဝါရီလ ၁ ရက် မတိုင်ခင် သက်တမ်း မတိုးနိုင်ကတည်းက လီဗာပူးဘက်က တစ်ပန်းရှုံးနေခဲ့ပါပြီ။

ဒါပေမယ့် အသင်းဘက်က အခုချိန်ထိ လက်မလျော့သေးကြောင်းနဲ့ ကစားသမားဘက်က ရီးရဲလ်မက်ဒရစ်ထံ ပြောင်းချင်တယ်လို့ သတင်းမပို့သေးကြောင်း ဖော်ပြချက်တွေက လီဗာပူးအသင်းမှာ တကယ်ပဲ အခွင့်အရေး ရှိနေသေးတာလား စောင့်ကြည့်ဖို့ ဖြစ်လာနေစေတော့မှာပါ။