

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ပြန်လည် ချိတ်ဆက်ဖွယ် မရှိတော့ပေမယ့် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးကို မျက်စိကျနေပါတယ်။
၂၀၂၂ ခုနှစ်မှာ ဝုဗ်ကနေ ဖောရက်စ်ကို ပေါင် ၂၅ သန်းဖြင့် ပြောင်းခဲ့ပြီးတဲ့နောက် တိုးတက်မှုကြီးတွေ ရှိနေပြီး တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ ကွင်းလယ်လူ မော်ဂန် ဂစ်ဝိုက်ကို လီဗာပူးဘက်က ဆက်တိုက် ကင်းထောက်နေတယ်လို့ သိထားရတယ်။
အသက် ၂၅ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာသီ အမှတ်ပေးဇယား အဆင့် ၃ ထိ ရောက်နေတဲ့ ဖော်ရက်စ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်နေကာ အသင်းကြီးတွေကို ရင်ဆိုင်ကစားရာမှာလည်း ထိပ်တန်းအဆင့် ခြေစွမ်းတွေထိ ပြသလာနေပါတယ်။
ဖောရက်စ်ဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် အားထုတ်နေတဲ့ အသင်းမျိုးဖြစ်ပြီး ဂစ်ဝိုက်ကို လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၆၀၀၀၀ တန် စာချုပ်မျိုးပဲ ပေးထားနိုင်တာပါ။
ဖောရက်စ်တို့က ရည်မှန်းချက်ကြီးရှိထားပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ဟန်ချက်ညီမှု အရမ်းအားကောင်းတဲ့ အသင်းမျိုး မဟုတ်တာကြောင့် ကွင်းလယ်လူအတွက် စာချုပ်သစ်ပေးရင်တောင် ပေါင် ၁ သိန်းထက် ပိုပေးနိုင်ဖွယ် မရှိတာက ထိပ်တန်းအသင်းတွေရဲ့ ဆွဲဆောင်မှုတွေ ရှိလာရင် ဆက်ထိန်းထားဖို့ အခက်တွေ့စေနိုင်ပါတယ်။
ဝုဗ်အသင်းဟာ ဂစ်ဝိုက်ရဲ့ အပြောင်းအရွှေ့မှာ ၁၀% ခံစားခွင့်ရရှိထားတာမို့ ဖောရက်စ်ဘက်က စျေးပေါပေါနဲ့ ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူး။ ၂၀၂၃ နွေမှာ ဘရန်နာဂျွန်ဆင်ကို စပါးအသင်းထံ ပေါင် ၄၇.၅ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးပြီး အနီးစပ်ဆုံး တန်းကြေးအဖြစ် လီဗာပူးဘက်က တူညီတဲ့ တန်ကြေးမျိုး ကမ်းလှမ်းရဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ကစားကွက် တည်ဆောက်မှုတွေကို ကူညီနိုင်မယ့် နံပါတ် ၆ နေရာ အတွက် ကစားသမားနဲ့ လှုပ်အားနှုန်းဖြင့် အသင်းကို မောင်းနှင်ပေးနိုင်မယ့် နံပါတ် ၈ နေရာအတွက် ကစားသမားတွေကို ရှာဖွေနေရာမှာ မော်ဂန်ဂစ်ဝိုက်ကို ဒုတိယအမျိုးအစားထဲ ထည့်သွင်း စောင့်ကြည့်လာနေတာပဲ ဖြစ်ပါတယ်။