

လီဗာပူးအသင်း စီနီယာ ၃ ဦးဖြစ်တဲ့ မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ စာချုပ်ကုန်ဖို့ နီးကပ်လာချိန် စာချုပ်သစ်အတွက် ကိုင်တွယ်မှုတွေကို ကစားသမားဟောင်း ကာရေဂါက ဆက်တိုက် ဝေဖန်နေပါတယ်။
အဓိကအားဖြင့် မိုဆာလာနဲ့ ထရန့်တို့ရဲ့ စာချုပ်အကြောင်းကို လူရှေ့ထံ မကြာခဏ ချပြခြင်း၊ အပြောင်းအရွှေ့ ကောလဟာလလွှင့်ခြင်းတွေဟာ ဆုဖလားလမ်းကြောင်းမှာ ရှိနေတဲ့ ကလပ်ကို ထိခိုက်မှုဖြစ်စေနိုင်တယ်လို့ ကာရေဂါက ဆိုပါတယ်။
ကာရေဂါကတော့ အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ သတင်းမထွက်စေဘဲ စာချုပ်ကိစ္စ ညိနှိုင်းမှုကို သဘောကျနေခဲ့ပြီး အသင်းဖော်နှစ်ယောက်က ဗန်ဒိုက်ကို အတူယူသင့်တယ်လို့ ယူနိုက်တက်ပွဲအပြီး စကိုင်းစပေါ့ကနေ ထင်မြင်ချက်ပေးလာခဲ့တာပါ။
အဆိုပါ ဗီဒီယိုကို မိုဆာလာက သူ့ရဲ့ X လူမှုကွန်ယက်ကတစ်ဆင့် ” ကာရေဂါက ငါ့ကို စွဲလမ်းနေတယ်လို့ မြင်လာနေမိပြီ ” လို့ ခံစစ်မှူးဟောင်းကို ခနဲ့စကား ပြောဆိုခဲ့တာပါ။
ကာရေဂါကလည်း ချက်ခြင်းပဲ ” မင်းကို ငါ အမြဲပဲ စွဲလမ်းနေမိတာပါ။ နောက်ရာသီမှာလည်း မင်းကို ဆက်ပြီး စွဲလမ်းခွင့်ရဖို့ မျှော်လင့်နေတာပါ ” လို့ ဆာလာကို တုန့်ပြန်သွားပါတယ်။
ဒီဖြစ်ရပ်ကို လီဗာပူးပရိသတ်တွေကတော့ အသင်းကို ချစ်ကြသူနှစ်ဦးကြားက ကတောက်ကဆအဖြစ်ပဲ ရှုမြင်ကြပြီး ကာရေဂါကလည်း အသင်း ဆုဖလား အောင်မြင်ရေးမှာ စာချုပ်ကိစ္စတွေ ကန့်လန့်လာမခံအောင် ပြောနေတာအဖြစ် အကောင်းမြင်ပေးကြပါတယ်။
ဒါပေမယ့်လို့ မနှစ်ကလည်း ကလော့ပ် ထွက်ခွာမယ့် ကိစ္စကြောင့် ချန်ပီယံပြေးလမ်းကနေ အသင်း ယိုင်ထွက်သွားခဲ့သလို ဒီရာသီမှာ စီနီယာတွေရဲ့ စာချုပ်ကိစ္စကြောင့် အသင်း အခြေအနေ ယိမ်းယိုင်းလာမှာကို စိတ်ပူနေကြပြီး လီဗာပူးတာဝန်ရှိသူတွေကို တိုက်ရိုက် ပြစ်တင်မှုတွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။