နှစ်တိုင်း ကျောက်ရိုင်းဖြစ်နေလို့ မရဘူး၊ ဒါဝင်ကို လီဗာပူးကစားသမားလို့ မခံစားရဘူး ဖောင်လာ ဆို

အန်ဖီးမှာ လိဂ်တူးကလပ်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲအပြီး တိုက်စစ်မှူးဟောင်း ဖောင်လာက ဒါဝင် နူးညက်စ်ကို နာမည်တပ် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ထရန့်နဲ့ အဓိက ကစားသမားအချို့ ကွင်းထဲရှိနေချိန်တွေမှာ ဒါဝင် နူးညက်စ်ဟာ တိုက်စစ်အတွက် ပုံစံကောင်းတွေ ပြသခဲ့သေးပေမယ့် သူ့ရဲ့ အဆုံးသတ်တွေဟာ စိတ်ပျက်ဖို့ကောင်းခဲ့တာပါ။ နောက်ပိုင်း ခီယေဆာတို့ ဝင်လာချိန်မှာတော့ တိုက်စစ်က ကျစ်လစ်မှုတွေ အားပျော့ခဲ့ပါတယ်။

ဒါဝင်ဟာ ပွဲတွေအတွင်း မရပ်မနားဘဲ အားထုတ်လေ့ရှိသူဖြစ်ပေမယ့် အဲ့အရည်အချင်း တစ်ခုတည်းနဲ့တော့ နေရာရမှာ မဟုတ်ဘူးလို့ တိုက်စစ်အကျော်အမော်ဟောင်း ဖောင်လာက ထောက်ပြလာပါတယ်။

ဖောင်လာကပဲ ” အရင် ၂ နှစ် ၃ နှစ်လောက်က ပြောနေတဲ့ စကားကိုပဲ ကျနော်တို့ ပြန်ပြီး ပြောနေရပြန်ပြီ။ ဒါဝင်က အရိုင်းထည်ပဲ ရှိနေတယ်။ အရင်ကကော၊ အခုကော သူက အဲ့လိုပဲဖြစ်နေတယ်။ ဒီလိုမျိုးကိုပဲ ကျနော်တို့ ထပ်ထပ် ပြောနေရတာမျိုး မဖြစ်သင့်ပါဘူး။

ဒါဝင်ကို လီဗာပူးကစားသမားတစ်ယောက်လို့ ကျနော်ကတော့ မမြင်ဘူး။ ဒီလိုပြောရင် ကျနော်တို့ လူတွေ တုန့်ပြန်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်း အားထည့်ကစားတယ်လေ။ ဒါပေမယ့် အားထည့်ကစားတာနဲ့တော့ ပွဲကစားခွင့်တွေ ပေးနေရမှာ မဟုတ်ဘူး။

မင်းက ပွဲထွက်ကစားရပြီဆိုရင် ဂိုးတွေသွင်းနိုင်ရမယ်။ သူက ပရိသတ်ကြိုက် ကစားသမားဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် လီဗာပူးဂျာစီဝတ်ပြီး ကစားမယ်ဆိုရင် ဒီထက် ပိုကောင်းကောင်းလုပ်ဖို့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့ လိုပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးအသင်းဟာ ဖောင်လာ၊ အိုဝင်တို့နောက်ပိုင်း လီဗာပူးသားစစ်စစ် အကယ်ဒမီ ထုတ်ကုန် တိုက်စစ်သမားအဖြစ် ဂျေဒန်ဒန့်စ်ကို ပိုင်ဆိုင်လာနေပြီး ရှေ့ဆက် နေရာရမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။