

ဖောရက်စ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ နည်းပြအာနယ် ဆလော့က ကစားသမား ၂ ဦးကလွဲလို့ ကျန်အသင်းသား အားလုံး အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုလာပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးဇယား တတိယနေရာမှာ ၆ မှတ်အကွာနဲ့ ဖိအားပေးနေတဲ့ ဖောရက်စ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာပါ။ ဖောရက်စ်ဟာ ဒီရာသီ လီဗာပူးအသင်းကို အမှတ်ပေးလိဂ်မှာ အနိုင်ယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။
တံကောက်ကြော ဒဏ်ရာရထားတဲ့ ဂိုးမက်စ် ဒီပွဲမှာ ပါဝင်နိုင်ဖို့ မရှိကြောင်းအပြင် အဝါကတ် ၅ ကတ်ပြည့်ခဲ့လို့ ပွဲပယ်ခံထားရတဲ့ ဒါဝင်လည်း ကစားနိုင်မှာ မဟုတ်ပါဘူး။ သူတို့ နှစ်ဦးကလွဲရင် ကျန်ကစားသမားအားလုံး ကြံ့ခိုင်မှု ပြည့်နေမှာဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ နောက်ဆုံး ကစားထားတဲ့ ၈ ပွဲမှာ ပါဝင်ကစားပြီး ပွဲချိန်မိနစ်တွေ တိုးယူလာနေတဲ့ ဂျိုတာဟာ မိနစ် ၉၀ အပြည့် ပြန်ကစားနိုင်ပြီလို့ သိရပါတယ်။
အက်ဖ်အေဖလားပွဲမှာ နည်းပြအဖွဲ့က ဂျိုတာကို မိနစ် ၉၀ အပြည့် ကစားခိုင်းခဲ့တာကလည်း သူ့ရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဖိအားနည်းတဲ့ အဆိုပါပွဲမှာ ဂျိုတာဟာ အောက်တိုဘာလ ၅ ရက်နေ့နောက်ပိုင်း ပွဲအစကနေ ပွဲအဆုံးထိ ကစားပေးနိုင်ခဲ့ပါတယ်။
ဖောရက်စ်ပွဲမှာတော့ လီဗာပူးအသင်း တိုက်စစ်ဟာ ဆာလာ၊ ဂက်ပို၊ ဒီယက်ဇ်အတွဲ ဖြစ်လာမယ်လို့ သိရပြီး ခီယေဆာနဲ့ ဂျိုတာတို့က အရန်စာရင်းကနေ ပါဝင်သွားကြမှာ ဖြစ်ပါတယ်။
ကွင်းလယ်မှာ မာကာ၊ ဂရာဗင်ဘက်ချ်၊ ဂျုံးတို့နဲ့အတူ ကြံ့ခိုင်မှုကောင်းနေတဲ့ ဆိုဘိုစလိုင်လည်း ပြန်လည် ရွေးချယ်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။