လီဗာပူးတို့ ဆက်တိုက် ခြေ-ချော်၊ အာဆင်နယ်က နိုင်ပွဲဆက် တွေးရင်းနဲ့ပျော်သည်ဖြစ်နေတဲ့ ပေါမာဆန်

ဒီအပတ်ကစပြီး လီဗာပူးအသင်း ရမှတ်တွေ ဆက်တိုက် ထိခိုက်တော့မှာဖြစ်ကာ နိုင်ပွဲတွေ ဆက်တိုက်ယူမယ့် အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ရမှတ် ကွာဟချက်ကို လျော့ချနိုင်တော့မယ်လို့ ပေါမာဆန်က မျှော်လင့်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကို လီဗာပူးက ဦးဆောင်လာနေပြီး ကြားရက်မှာတော့ မထင်မှတ်ဘဲ ထိပ်ဆုံး ၄ သင်းထဲထိ တိုးဝင်လာတဲ့ ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်။

ပေါမာဆန်ကတော့ ” ဖောရက်စ်လို သိပ်ကို ပုံစံကောင်းရနေတဲ့ အသင်းကိုမှ လီဗာပူးနိုင်သွားရင်လည်း ဖလားပေးလိုက်တော့မယ်ဗျာ။ ဒီရာသီစတုန်းက လီဗာပူးတို့ ဖောရက်စ်ကို ရှုံးခဲ့တယ်။ မနှစ်ကဆိုလည်း ဒါဝင်ရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် နိုင်ခဲ့တာပါ။

ယူနိုက်တက်ကို ရင်ဆိုင်တုန်းက လီဗာပူးအသင်း ခြေစွမ်းမကောင်းသလို ကံကောင်းလို့ သရေရတာပါ။ ဒီလောက် ပုံစံကောင်းနေတဲ့ ဖောရက်စ်ကိုမှ သူတို့နိုင်ခဲ့ရင် ကျန်တဲ့အသင်းတွေ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုကနေ နှုတ်ထွက်လိုက်ကြပါတော့ ” လို့ ဆိုခဲ့တာပါ။

သူကတော့ ဖောရက်စ်ကို လီဗာပူးတို့ သရေနဲ့ အရှုံးပဲရှိသလို ပွဲကျန် ၁ ပွဲဖြစ်တဲ့ အဲဗာတန်ပွဲကိုလည်း အများဆုံး သရေလောက်ပဲ ကစားနိုင်မယ်လို့ ခန့်မှန်းပါတယ်။

” အာဆင်နယ်က စပါးကို နိုင်မယ်ဗျာ။ လီဗာပူးက ဖောရက်စ်ကို သရေ ဒါမှမဟုတ် အရှုံး။ အဲ့ဆိုရင် အမှတ်ပေးဇယားက သိပ်ကွာတော့မှာ မဟုတ်ဘူး။ လီဗာပူးရဲ့ လက်ကျန်ပွဲဆိုတာကလည်း ဒေးဗစ် မိုယက်စ် ပြန်ကိုင်လိုက်ခြင်းနဲ့အတူ ဘာမဆိုဖြစ်သွားနိုင်တဲ့ မာဆေးဆိုဒ်ဒါဘီပါပဲ။

အဲဗာတန်ပွဲကိုပါ လီဗာပူး သရေကျသွားရင် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်က အများကြီး ကြီးမားလာတော့မှာပါ ” လို့ အာဆင်နယ် ကစားသမားဟောင်းကြီးက သူ့ရဲ့ မျှော်လင့်ချက်တွေကို ထုတ်ဖော်လာတာပဲ ဖြစ်ပါတယ်။