ဆာလာခြေစွမ်း ရာသီဝက်ပဲခံရင် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်း၊ ရိုဘိုနေရာ လူသစ်ဖြည့်သင့်ကြောင်း အကြံပေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဖောရက်စ်ကို သရေကျတဲ့နောက် အမှတ်ပေးဇယားကို ၆ မှတ်ပဲ ဖြတ်ထားနိုင်ပါတော့တယ်။ အကယ်လို့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ် အနိုင်ရရင် ၄ မှတ်အကွာဖြင့် ဒုတိယနေရာ တက်လာပါလိမ့်မယ်။

ကာရေဂါ အပါအဝင် ကစားသမားဟောင်းအချို့က ဇန်နဝါရီစျေးကွက်မှာ လီဗာပူးအတွက် အလိုအပ်ဆုံး ကစာသမားက ဘယ်ခြမ်းခံစစ် ဖြစ်လာနေကြောင်း ထောက်ပြမှုတွေ များပြားနေပါတယ်။

ရော်ဘတ်ဆန်ရဲ့ အကောင်းဆုံးအချိန်တွေဟာ ကုန်ဆုံးခဲ့ပြီဖြစ်သလို ကွင်းထဲမှာ အခြေအနေအရ ၃ ယောက်တန်းပုံစံ ပြောင်းလဲသွားချိန်တွေမှာ သူ လိုက်လျောညီထွေ မကစားနိုင်မှုတွေက သိသာလာနေပါပြီ။

အာနယ် ဆလော့ရဲ့ လူစားလဲမှုတွေ ပြောင်မြောက်ကြောင်းကို ဖောရက်စ်ပွဲမှာ ကိုစတက်နဲ့ ဂျိုတာတို့က သက်သေပြခဲ့ပေမယ့် နယ်သာလန်သား နည်းပြ ကိုယ်တိုင်ကလည်း အသင်းရဲ့ ထိလို့မရတဲ့ ကစားသမားဖြစ်သူ ဆာလာကိုတော့ မကိုင်တွယ်နိုင်ခဲ့ပါဘူး။

ဒုတိယရာသီဝက်ရောက်ရင် ဆာလာ ခြေကျတတ်တာဟာ တိုက်ဆိုင်မှု မဟုတ်တော့ဘဲ အီဂျစ်သားဟာ ပြိုင်ပွဲကြီးတွေရဲ့ တန်ပိုကို တကယ်ပဲ မလိုက်နိုင်တော့ဘူးလား ဆိုတဲ့ ထောက်ပြချက်တွေ ထွက်ပေါ်နေပါတယ်။

ဒီနွေကုန်ရင် အသက် ၃၃ နှစ်ပြည့်တော့မယ့် မိုဆာလာက ဒီလိုပဲ ရာသီဝက်ရောက်လို့ ခြေကျနေမယ်ဆိုရင် အသင်းဟာ စာချုပ်သစ် မပေးလိုဘူး သေချာပါက အနာဂတ်အတွက် ကြိုတင် ပြင်ဆင်သင့်ကြောင်း သတိပေးခံနေရပါတယ်။

နွေတုန်းကလည်း နည်းပြအဖွဲ့အတွက် လူသစ် ပံ့ပိုးပေးမှု မရှိခဲ့သလို ဇန်နဝါရီမှာလည်း မျက်နှာလွဲထားတာမျိုး မလုပ်ဖို့ အသင်းကို တိုက်တွန်းသံတွေ ထွက်လို့နေပါပြီ။

လီဗာပူးအသင်းဟာ ဒါဝင်အတွက် ကမ်းလှမ်းခံရမှုတွေကို ပိတ်ပင်မထားဘဲ အခုချိန်ထိ တရားဝင် ညိနှိုင်းမှု မရလာသေးပါဘူး။

အာနယ် ဆလော့ဟာ ကလပ်ရဲ့ ကြယ်ပွင့်ဖြစ်သူ ဟာဗေးကို ပွဲကစားခွင့် လုံးဝ ကန့်သတ်ထားတာက နွေမှာ သူ့ကို ရောင်းချဖို့ အသင်းဘက်က စီစဉ်ထားတာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေ ထွက်နေပါတယ်။

လီဗာပူးရဲ့ နောက်ပွဲကတော့ ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကာ ပျားတွေဟာ အိမ်ကွင်းမာကျောလှတဲ့ အသင်းဖြစ်ကာ ဒီအပတ်မှာ မန်စီးတီးကို သရေခံကန်သွားပါတယ်။