နံပါတ် ၉ သမား မှားယွင်းခြင်း၊ ကောင်တာ အပြခံလိုက်ရခြင်း၊ အာနယ် ဆလော့ရဲ့ ရဲရင့်တဲ့ လူစားလဲမှု၊ ဇန်နဝါရီစျေးကွက်နဲ့ ဖောရက်စ်ပွဲအပြီး စကားစမြည့်း ပြောစရာများ

အဝေးကွင်းမှာ ဖောရက်စ်ကို သရေကျခြင်းကြောင့် လီဗာပူးအသင်းဟာ ရမှတ်တွေ ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို ပြန်ဆုံးရှုံးလာနေပါတယ်။ ဒီပွဲအပြီး စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ ဆွေးနွေးကြည့်ပါမယ်။

ကောင်တာပြန်တိုက်ခံရခြင်း

လီဗာပူးအသင်းဟာ ပွဲအစကို အကောင်းဆုံးပုံစံဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ဖောရက်စ်ရဲ့ ကောင်တာပြန်တိုက်ခံရခြင်းနဲ့အတူ ခက်ခဲတဲ့ မိနစ် ၉၀ ကို ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီရာသီမှာ ဖောရက်စ်က ကောင်တာ အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး လီဗာပူးခံစစ်ကိုလည်း ဖောက်ထွက်ပြခဲ့တာပါ။

ဒီကောင်တာအတွက် ကိုနတေးကို ထောက်ပြစရာဖြစ်နေခဲ့ပြီး လီဗာပူးခံစစ်ကို ဖြိုခွင်းသွားခဲ့ကြတာဟာ ငှက်ပျောသီး အခွံနွှာစားရသလိုကို လွယ်ကူလွန်းခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဖောရက်စ်ဘက်က ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးသမားတို့ကလည်း အဆင့်တစ်ခုမှာရှိပြီး လီဗာပူးအသင်းသားတွေရဲ့ အပိုင် အခွင့်အရေးတွေကို ဟန့်တားပြခဲ့ပါတယ်။

နံပါတ် ၉ သမား မှားယွင်းခြင်း

လီဗာပူးအသင်းဟာ တစ တစနဲ့ အထောင်တိုက်စစ်ကပေးတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါပြီ။ ဒီပြဿနာဟာ မနှစ်က ကလော့ပ်နဲ့အတူ အမှတ်ပေးဇယား ဦးဆောင်နေခဲ့ပြီးမှ အခွင့်အရေးတွေကို ဂိုးတွေမသွင်းနိုင်လို့ အောက်ကို ဆင်းပေးရတဲ့ အနေအထားနဲ့တောင် ခပ်ဆင်ဆင်ဖြစ်ပါတယ်။

ပထမပိုင်းမှာဆိုရင် လီဗာပူးအသင်းဟာ ဂက်ပိုရဲ့ ဖြတ်တင်ဘောကို ဆိုဘိုစလိုင် ခေါင်းတိုက်တာကလွဲလို့ မက်လောက်စရာ အခွင့်အရေး မရှိခဲ့ပါဘူး။ တိုက်စစ်မှူး နေရာက ပွဲထွက်လာတဲ့ ဒီယက်ဇ်ဟာ သူ့ရဲ့ အကောင်းဆုံးကို ပြသနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။

ဒီယက်ဇ်ထံက ဂိုးမရတာကြောင့် ဂက်ပို ဂိုးသွင်းဖို့ မျှော်လင့်ကြပေမယ့် နယ်သာလန်သားကလည်း ကံသိပ်မကောင်းခဲ့ပါဘူး။ ဒီယက်ဇ်ဟာ တိုက်စစ်မှာ ဘောလုံးထိန်းထားဖို့ ရုန်းကန်ခဲ့ရပြီး ဂျိုတာဝင်လာမှပဲ လီဗာပူးတိုက်စစ်က ပိုမြိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို တိုက်စစ်တင်ပြီး ၁ နာရီ ဝန်းကျင်လောင်ကို ဖြုန်းတီးခဲ့တယ်။ ပုံမှန် တောင်ပံကစားသူ တစ်ဦးထံက တိုက်စစ်မှူးတစ်ယောက်လို မကစားနိုင်ခြင်းကို အပြစ်တင်ဖို့ထက်စာရင် အသင်းရဲ့ နံပါတ် ၉ နေရာမှာ အရည်အချင်း အားနည်းမှုကိုပဲ ပိုစိတ်ပျက်ရပါတယ်။

အာနယ် ဆလော့ရဲ့ ရဲရင့်တဲ့ လူစားလဲမှု

ဒုတိယပိုင်းမှာ ကိုစတက်နဲ့ ဂျိုတာ ဝင်ကစားတာက လီဗာပူးရဲ့ ကစားဟန်ကို ပိုပြီး သွက်လက် ထက်မြက်စေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမထိချက်ကနေ လီဗာပူးအသင်း ခြေပဂိုးရခဲ့သလို နောက်ထပ် အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့တယ်။

ကိုစတက်ကို ထုတ်ပြီး ဂရာဗင်ဘက်ချ်ကို ခံစစ်ပို့တဲ့ အာနယ် ဆလော့ရဲ့ လုပ်ရပ်က ရဲရင့်လှသလို ဒီလိုလုပ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ နံပါတ် ၉ သမား စစ်စစ်ဖြင့် ကစားချိန်မှာ လီဗာပူးရဲ့ ကစားဟန်ဟာ ပိုမို ထိရောက်ပေမယ့် ဒီနေ့ပွဲမှာ ဆာလာကို လူစားလဲသင့်သလား ဆိုတာက လူပြောများတဲ့ မေးခွန်းတစ်ခုပါပဲ။

လီဗာပူး ခြေကျနေသလား

၂၀၂၅ ခုနှစ်အတွင်းမှာ လီဗာပူးရဲ့ တာထွက်လာမှုဟာ ရာသီစ တာထွက်မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စိတ်ပျက်စရာ ကောင်းလွန်ပါတယ်။ လီဗာပူးရဲ့ ပုံစံကောင်းတွေ စတင် ကျဆင်းလာနေတယ်လို့ လက်ခံရဖွယ် ရှိလာနေတယ်။

နည်းပြနဲ့ ကစားသမားတွေဟာ ပြိုင်ဘက်ထက် ခေါင်းတလုံးသာနေဖို့ အစွမ်းကုန် ကြိုးစားကြပေမယ့် အသင်းဟာ ကံနည်းနည်းခေနေပါတယ်။ နောက်ပြီးရင် ခံစစ်ကလည်း ချိုးဖောက်ရ လွယ်ကူလွန်းနေတယ်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သရေရလဒ်တွေဟာ လီဗာပူးရဲ့ ဖလားအိပ်မက်ကို မနှစ်ကလို ရိုက်ချိုးသွားနိုင်ပါတယ်။

အပြောင်းအရွှေ့စျေးကွက်

ဇန်နဝါရီစျေးကွက်ဟာ အခုချိန်ထိ ဖွင့်နေဆဲပါ။ လီဗာပူးအသင်းဟာ လူစာရင်းထဲကို အရည်အချင်း အသစ် ထည့်သွင်းခြင်းနဲ့ စိန်ခေါ်မှု အသစ် အားဖြည့်ခြင်းတွေကို လုပ်ဆောင်လို့ ရနေဆဲဖြစ်ပါတယ်။

လူသစ်ခေါ်ယူရေး အသင်းရဲ့ လက်ရှိ ကစားသမား တစ်ဦးဦးကို ရောင်းထုတ်ဖို့ တိုက်တွန်းနေတာ မဟုတ်ဘဲ ဒီအတိုင်း မျောလိုက်နေတာထက် နည်းပြအဖွဲ့အတွက် အကူအညီဖြစ်မယ့် အရည်အချင်းအသစ်တွေကို ပေါင်းထည့်ခြင်းဟာ အကျိုးမယုတ်စေပါဘူး။

လီဗာပူးအသင်းမှာ အားဖြည့်ဖို့ လိုနေတာကလည်း ၁ နေရာ ၂ နေရာမက ရှိနေတာဖြစ်ပါတယ်။