

လီဗာပူးအသင်းက အသုံးစရိတ် ဘီလျံချီ အသုံးပြုနေတဲ့ ပြည်တွင်း ပြိုင်ဘက်ကလပ်တွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတာအတွက် ဂုဏ်ယူတယ်လို့ နည်းပြ အာနယ် ဆလော့က ပြောဆိုလာပါတယ်။
ဒီကနေ့မှာပဲ ဟာလန်းက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် စံချိန်တင် လုပ်ခဖြစ်လာမယ့် တစ်ပတ်ကို ပေါင် ၅ သိန်းရမယ့် ၉ နှစ်ခွဲ စာချုပ်သစ် လက်မှတ်ထိုးလိုက်တဲ့အပေါ် မေးခွန်းထုတ်ကြချိန် အာနယ် ဆလော့က အခုလို ပြောလာခဲ့တာပါ။
“ လီဗာပူးက ဘယ်လောက်တောင် ကောင်းတဲ့ အသင်းလဲဆိုတာ ကျနော်တို့ ကိုယ့်ဘာသာ ကောင်းကောင်း သိပါတယ်။ ချယ်ဆီးကလည်း အသုံးစရိတ် ပေါင် ၁ ဘီလျံကျော် သုံးထားတယ်၊ ယူနိုက်တက်ကလည်း ငွေကြေး အများကြီး ရင်းနှီးမြုပ်နှံထားပါတယ်။
ဒီလိုတွေ ငွေသုံးကြတာကပဲ ပရီးမီးယားလိဂ်ကို ကြီးကျယ်တဲ့ ပြိုင်ပွဲ ဖြစ်နေစေတာပါ။ မယုံနိုင်လောက်တဲ့ ပမာဏ အသုံးပြုနေတဲ့ ကလပ်တွေကို ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေခြင်းအတွက် ကျနော်တို့ ပျော်ပါတယ် ” လို့ အာနယ် ဆလော့က ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အင်္ဂလန် ကြီး ၆ ကြီးထဲမှာ အသာတင် ပြောင်းရွှေ့ကြေး အနည်းဆုံး ထုတ်သုံးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကလပ်ဟာ ဝင်ငွေ အများစုကို ပြောင်းရွှေ့ကြေးတွေဖြင့် ကစားသမားသစ်တွေကို ရင်းနှီးမြုပ်နှံခြင်းထက် ထိပ်တန်း ကစားသမားတွေရဲ့ လုပ်ခပိုင်းနဲ့ လူငယ်အသင်းတွေမှာ ပိုမို အသုံးပြုနေတာပါ။
အမေရိကန်ပိုင်ရှင်တွေက ရေရှည်မှာ လီဗာပူးအသင်း အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ကို ဦးစားပေးကြပေမယ့် ၎င်းတို့ရဲ့ အုပ်ချုပ်မှုဟာ အသင်းရသင့်တဲ့ ဖလားတွေကို အများကြီး အကန့်အသတ်ဖြစ်စေတယ်လို့ ပရိသတ်တွေဘက်က ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။
လက်ရှိမှာလည်း ဖလားအောင်မြင်ရေး တွန်အားဖြစ်စေမယ့် အဓိကကစားသမား ၃ ဦးကို စာချုပ်သစ်ပေးရေး ဘယ်အစွန်၊ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ်အပြင် တိုက်စစ်မှူးစတဲ့ နေရာ ၄ ခုအတွက် အင်အားဖြည့်ရေး ထောက်ပြနေကြပေမယ့် အသင်းတာဝန်ရှိသူတွေထံက တက်ကြွတဲ့ လှုပ်ရှားမှုတွေ မြင်လာရခြင်း မရှိတာဖြစ်ပါတယ်။