

သောမက်စ် ဖရန့်နဲ့ ဘီဘီစီ သုံးသပ်သူတွေက လီဗာပူးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးပါလို့ ထောက်ခံနေခြင်းနဲ့ ပတ်သတ်လို့ လိုင်လီပွဲကြိုမှာ သတင်းထောက်တွေ မေးခွန်းထုတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်ကိုလည်း ဦးဆောင်နေတဲ့နောက် လီဗာပူးအသင်းဟာ လက်ရှိ ဥရောပရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးအသင်း ဖြစ်လာနေတာပါ။ ဒါပေမယ့်လို့ ရာသီဝက်မှာ ဇယားထိပ်ရောက်နေတာနဲ့တင် ဒီလို ပြောခံရဖို့ မသင့်သေးဘူးလို့ နည်းပြအာနယ် ဆလော့က မြင်ပါတယ်။
အာနယ် ဆလော့ကပဲ ” အကောင်းဆုံးလို့ ချီးကျူးသံတွေ ကြားရတာဟာ ကျနော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ကျနော်အတွက်ကတော့ အဲ့လို ချီးကျူးကြဖို့က သိပ်စောလွန်းပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်ကြောင့် ကျနော်တို့ဟာ အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ထားရသလို ခက်ခဲတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ ချန်ပီယံလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတာကြောင့် အကောင်းဆုံးအသင်းဆိုပြီး အကဲဖြတ်လို့ မရပါဘူး။ အသင်းတိုင်းက မတူညီတဲ့ ပြိုင်ဘက်တွေရထားတာပါ။
ဘာပဲဖြစ်ဖြစ် မန်နေဂျာတစ်ယောက်အတွက်တော့ ထူးချွန်တဲ့ ပြိုင်ဘက်အသင်း မန်နေဂျာတွေထံက ဒီလိုမျိုး ချီးကျူးစကား ရလာတာဟာ သိပ်ကို နားထောင်ကောင်းတာ သေချာပါတယ်။ ” လို့ တုန့်ပြန်သွားပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်ရှိနေပြီး သရေ တစ်မှတ်ရတာနဲ့တင် ရှုံးထွက်ကို တိုက်ရိုက် တက်မှာဖြစ်ပါတယ်။ ဒါပေမယ့် မဲခွဲမှုတွေအရ ရသလောက် အဆင့်မြင့်မြင့်ကနေ တက်တာက ပိုကောင်းပါလိမ့်မယ်။
ချန်ပီယံလိဂ်ပွဲအပြီး အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရဖို့ ရှိသလို အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေကိုလည်း ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။