ပရိသတ်တွေကို လှောင်ပြောင်ရာက ဂျုံး ဝင်ပါခဲ့ခြင်း၊ အိုလီဗာ ဆုံးဖြတ်ချက်တွေ အရမ်းမှန်တယ်လို့ ထောက်ခံသူ၊ အနီကတ် ပြခံရသူများနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်ကို သရေကျခဲ့အပြီး အမှတ်ပေးပွဲ ၂၄ ပွဲကစားကာ ရမှတ် ၅၇ မှတ်ဖြင့် ထိပ်ဆုံးနေရာကနေ ၇ မှတ်ဖြတ်ထားခဲ့ပါတယ်။

ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေကို လှောင်ပြောင်နေတဲ့ အဲဗာတန် ကစားသမား ဒိုကိုရီကို ကာတစ်ဂျုံးက သွားရောက် ဆွဲပြီး မလုပ်ဖို့ တားဆီးရာကနေ နှစ်သင်း ကစားသမားတွေ အချင်းများသလိုဖြစ်ခဲ့ပါတယ်။

မာဆေးဆိုဒ်ကလပ် နှစ်သင်းလုံးဟာ ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ အချင်းများမှုအတွက် ပရီးမီးယားလိဂ်ရဲ့ အရေးယူခြင်း ခံရဖွယ် ရှိပါတယ်။

အဲဗာတန်ရဲ့ ဒုတိယဂိုးမှာ ပြိုင်ဘက်ကစားသမား ဒိုကူရီ လူကျွံနေတယ်လို့ ထောက်ပြမှုတွေ ထွက်ပေါ်နေပါတယ်။ အိုလီဗာဟာ စက္ကန့်ပိုင်းပဲ ကျန်တော့တဲ့ အချိန်ပိုကို အဲဗာတန် ကစားသမားတွေ ထိခိုက်မှုအတွက် ၂ မိနစ်ထိ ထပ်ပေးခဲ့တာကလည်း ပွဲအပေါ် သက်ရောက်ခဲ့ပါတယ်။

နည်းပြအာနယ် ဆလော့နဲ့ လက်ထောက်ဖြစ်သူ Sipke Hulshoff တို့ ပွဲအပြီးမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။ လီဗာပူးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ ဝုဗ်နဲ့ပွဲကို လက်ထောက် နည်းပြက တာဝန်ယူရမှာဖြစ်ပါတယ်။

အာနယ်ဆလော့ကို အနီကတ် ပြခြင်းဟာ ဒိုင်လူကြီးကို လက်ဆွဲနှုတ်ဆက်ရာမှာ အားပါခဲ့လို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဗာတန်ကို သရေကျတဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကလည်း ကြီးမားတဲ့ နေရာက ပါဝင်ခဲ့ပြီး ပြစ်ဒဏ်ဘော မပေးရမယ့် အခြေအနေတွေကိုလည်း ပေးခဲ့ရတယ်လို့ လီဗာပူးအသင်းဘက်က ယုံကြည်နေပါတယ်။

နည်းပြအာနယ်ဆလော့ဟာ အဲဗာတန်ပွဲအပြီး နှစ်သင်း အချင်းများတဲ့ ကိစ္စတွေကြောင့် ပွဲပြီး အင်တာဗျူး လုပ်ပေးဖို့ကို ပယ်ဖျက်သွားပါတယ်။

အဲဗာတန်အတွက်က လီဗာပူးကို ယှဉ်ပြိုင်ရတာဟာ ဖလားဖိုင်နယ်ပွဲ ကစားရသလိုပဲဆိုတာ အားလုံး သိပါတယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ခနဲ့သွားပါတယ်။

ဗြိတိန်ဘောလုံးအားကစား သုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ အဲဗာတန် နည်းပြဟောင်း တင်ရှားဝုဒ်က ဒီပွဲမှာ ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ပြည့်စုံတယ်လို့ ထောက်ခံလိုက်ပါတယ်။