

အင်္ဂလန်ရဲ့ အကြမ်းဆုံးဒါဘီလို့ ထင်ရှားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲဟာ ပွဲအပြီးမှာ အနီကတ် ၄ ကတ်ထိ ပြသမှုရှိခဲ့ပြီး ဒါဘီဂုဏ်ပုဒ်ကို ဆက်ထိန်းသွားခဲ့ပါတယ်။
လီဗာပူးအသင်းက ပွဲကို ၂-၁ ဖြင့် ဦးဆောင်ထားခဲ့ပေမယ့် အချိန်ပို နောက်ဆုံး စက္ကန့်မှာ အဲဗာတန်တို့က အံ့မခန်း ခြေပဂိုး သွင်းယူနိုင်ခဲ့တာပါ။ ပွဲအပြီးမှာတော့ လီဗာပူးဘက်က ကာတစ်ဂျုံးနဲ့ အဲဗာတန်ဘက်က ဒိုကူရီတို့ တွန်းဆွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ပွဲပြီး ခရာမှုတ်ချိန်မှာ အဲဗာတန်ကစားသမား ဒိုကူရီက အဝေးကွင်းပရိသတ်တွေဖြစ်တဲ့ လီဗာပူးပရိသတ်တွေထံ တိုက်ရိုက် သွားရောက် လှောင်ပြောင် အောင်ပွဲခံရာက လီဗာပူးမြို့သား ကာတစ်ဂျုံး ပြေးလွှားပြီး ဟန့်တားခဲ့ကာ နှစ်သင်း အချင်များခဲ့ကြပါတယ်။
ဒီလိုဖြစ်ရပ်ဟာ ပရီးမီးယားလိဂ်မှာ မကြာခဏ ဖြစ်ပေါ်လာနေပြီး ပြိုင်ဘက်တွေကြား ပြဿနာဖြစ်ပေါ်စေနိုင်တဲ့ အောင်ပွဲခံမှုတွေ များလာလို့ အရေးယူမှုတွေ လုပ်တော့မယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါသေးတယ်။
ရုပ်သံ ပြန်လည် ပြကွက်တွေမှာတော့ ဒိုကိုရီနဲ့ ကာတစ်ဂျုံးတို့ အပြန်အလှန် ဂျာစီဆွဲထားကြပြီး အဲဗာတန်ဘက်က အက်ရှလေယန်းနဲ့ ကာလိုစ့်တို့ကလည်း ဂျုံးကို ၃ ယောက် ၁ ယောက်ဝိုင်းဆွဲထားတာမျိုး မြင်ခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကွင်းထိန်းတဲ့ ရဲတွေနဲ့တကွ လီဗာပူးဘက်က ဒါဝင်၊ ဒီယက်ဇ်တို့ပါ ပြေးဝင်လာတဲ့နောက် အနည်းငယ် အရုပ်ဆိုးတဲ့ မြင်ကွင်းမျိုးဖြစ်လာခဲ့တယ်။ ကွင်းလယ်ဒိုင်ကတော့ အဆိုပါဖြစ်ရပ်အတွက် ဂျုံးကော ဒိုကူရီကိုပါ အနီကတ်တွေ ပြသသွားပါတယ်။
ဒါ့အပြင် ပွဲအပြီးမှာ ဒိုင်တွေကို လိုက်နှုတ်ဆက်တဲ့ အချိန် နည်းပြအာနယ် ဆလော့နဲ့ လက်ထောက်ဖြစ်သူတို့ကိုလည်း ကွင်းလယ်ဒိုင် အိုလီဗာက တိုက်ရိုက် အနီကတ်တွေ ပြသကာ ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။ ဒိုင်ကို ခပ်ကြမ်းကြမ်း လက်ဆွဲနှုတ်ဆက်မှုနဲ့ စောဒကတက်မှုတွေကြောင့် အနီကတ် ပြသခဲ့တာဖြစ်ပါတယ်။
မာဆေးဆိုဒ်ကလပ် နှစ်သင်းဟာ ကိုယ့်အသင်း ကစားသမားတွေရဲ့ အပြုအမှုကို မထိန်းသိမ်းခြင်းအတွက် အရေးယူခြင်း ခံရမယ်လို့ သတင်းထွက်နေပါတယ်။