

လီဗာပူးအသင်းဟာ မိုဆာလာကို ရာသီကုန်မှာ စာချုပ်သစ်ပေးရေး အောင်မြင်သွားဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။
မိုဆာလာဘက်က စာချုပ်သစ်ကိစ္စ အဆင်မပြေတာကြောင့် ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ တရားဝင် ထုတ်ပြောထားတာပါ။ ဒီလတွေအတွင်းမှာလည်း အခြေအနေ တိုးတက်ကြောင်း သတင်းတွေ မကြားထားရပါဘူး။
ထူးထူးခြားခြားဆိုလို့ ဆာလာရဲ့ ကိုယ်စားလှယ်တွေဘက်က နည်းပြအာနယ် ဆလော့ဟာ သူ့အလုပ်ကို အကောင်းဆုံး လုပ်နေသူလို့ အကောင်းမြင်စွာ မှတ်ချက်ပေးတာလောက်ပဲ မြင်ထားရတာဖြစ်တယ်။
မိုဆာလာကို ဆော်ဒီပရိုလိဂ်က ခေါ်ယူဖို့ အားထုတ်နေပြီး ဒီအပတ်မှာတော့ ၎င်းတို့ဘက်က အသုံးချခံဖြစ်နေတယ်လို့ ယူဆမိလာကြောင်း ထုတ်ပြောလာပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ အကြီးတန်း အကြံပေး ပုဂ္ဂိုလ်ကတော့ သူတို့ဟာ လီဗာပူးနဲ့ မိုဆာလာကြား ညိနှိုင်းမှုမှာ အသုံးချစရာ ကြားခံလူတွေ ဖြစ်နေတယ်လို့ ခံစားရကြောင်း ထုတ်ပြောသွားပါတယ်။
မိုဆာလာကို ဆော်ဒီဘက်က အမှန်တကယ် ခေါ်ယူလိုပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ဥရောပဘက်ကနေ သူတို့လိဂ်ထံ ပြောင်းလာဖို့ အမှန်တကယ် စဉ်စားနေခြင်းလည်း မရှိဘူးလို့ မှတ်ချက်ပေးလာတာပါ။
လီဗာပူးအသင်းနဲ့ မိုဆာလာကြား အဓိက ညိနှိုင်းနေတာဟာ စာချုပ်သက်တမ်းဖြစ်တယ်လို့ ကြားသိထားရတယ်။ နွေမှာ အသက် ၃၃ ပြည့်တော့မယ့် ဆာလာဟာ လီဗာပူးထံက နှစ်ရှည် စာချုပ်မျိုးကို ရလိုနေတယ်လို့ အသံထွက်ထားတာ ဖြစ်ပါတယ်။