ရလဒ်တွေ ထိခိုက်လာစေတဲ့ အသင်းရဲ့ အားနည်းချက်ကို အာနယ် ဆလော့ ထုတ်ဖော်

လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ ဖြင့် သရေကျခဲ့ကာ ရမှတ် အပြည့်မယူနိုင်ခြင်းကြောင့် ဒုတိယနေရာက အာဆင်နယ်ကို ရမှတ်ဆယ်ဂဏန်း ဖြတ်ထားနိုင်မယ့် အခွင့်အရေးအား ဆုံးရှုံးခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်က ဂျိုတာနဲ့ ဒါဝင်တို့ ဂိုးမသွင်းနိုင်တဲ့ အခြေအနေအပြင် အသင်းရဲ့ တည်ကန်ဘောကနေ ဂိုးတွေ ယူနိုင်ခြင်းမရှိဘဲ ဂိုးတွေ အများအပြား ခွင့်ပြုပေးရခြင်းဟာလည်း စိုးရိမ်စရာ ဖြစ်လာနေပါတယ်။

လီဗာပူးအသင်း ပေးလိုက်ရတဲ့ ပထမဆုံး သွင်းဂိုးဟာ တည်ကန်ဘောကနေ စတင်ခဲ့ကာ တူညီတဲ့ အဖြစ်အပျက်မျိုးတွေကို ဒီတလော မကြာခဏ မြင်ထားရပါတယ်။

အာနယ် ဆလော့ကတော့ “ ကျနော်တို့ သိပ်ပျော်မနေပါဘူး။ ကျနော်တို့ အခွင့်အရေး ဖန်တီးနိုင်မှုပိုင်း သာပေမယ့် ပြီးပြည့်စုံမနေတာ တစ်ခုကတော့ တည်ကန်ဘောကနေ ဂိုးပေးနေရတာပါပဲ။

တည်ကန်ဘောမှာ သိပ်အားကောင်းတဲ့ အသင်းကို ရင်ဆိုင်ပြီး ဂိုးပေးရတယ်ဆိုရင် ပွဲကို အနိုင်ရဖို့ ခက်ခဲပါတယ်။ တည်ကန်ဘောတွေမှာ ဟန်ချက်ညီဖို့ လိုနေပါတယ် ” သူက ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ နောက်ဆုံးမိနစ် သွင်းဂိုးတွေ ပေးနေရတာနဲ့ တည်ကန်ဘောတွေကနေ ဂိုးတွေပေးရတာက တစ်ကြိမ် နှစ်ကြိမ် မကတော့ပါဘူး။

“ ကျနော်တို့ ရောက်နေတဲ့ အနေအထားအတွက် ပျော်ပါတယ်။ ဒါပေမယ့် အဲဗာတန်ပွဲမှာ နောက်ဆုံးမိနစ်အတွင်း စိတ်ပျက်စရာ ဂိုးပေးခဲ့ရသလို နယူးကာဆယ်ပွဲမှာလည်း ပေးခဲ့ရတယ်။ ဒီနေ့မှာလည်း တည်ကန်ဘောကနေ ဂိုးပေးရပါတယ် ” လို့ အာနယ်ဆလော့က ဆိုပါတယ်။

နည်းပြအာနယ် ဆလော့ဟာ နွေတုန်းက တည်ကန်ဘောနည်းပြအဖြစ် ဖီယင်နုကနေ သူ့ရဲ့တွဲဘက်ဟောင်းကို ခေါ်ယူဖို့ ကြိုးစားပေမယ့် အလုပ်ပါမစ်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီနွေမှာတော့ တည်ကန်ဘောတွေ တိုးတက်လာရေး နည်းပြသစ်တစ်ဦးကို ထပ်မံ ခေါ်ယူမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။