လီဗာပူးက သူ့အတွက် အကြီးကျယ်ဆုံး ပြိုင်ဘက်အဖြစ် ချီးကျူးပြီး အနိုင်ကစားမယ်လို့ ဂွာဒီယိုလာ ဆို

ဂွာဒီယိုလာကတော့ ဒီရာသီ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခြင်း မရှိပေမယ့် ဒီအပတ်ပွဲမှာ ရမှတ်တွေယူမယ်လို့ ထုတ်ပြောလာပါတယ်။

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ မန်စီးတီးဟာ နောက်ရာသီ ဥရောပ ထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ခွင့်အတွက် အာရုံစိုက် ကြိုးစားလာတော့မှာပါ။ သူတို့အသင်းဟာ ဒီတလောမှာ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာနေတယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။

ဂွာဒီယိုလာက “ မက်ဒရစ်မှာ ရှုံးခဲ့တာကလွဲလို့ ကျနော်တို့တွေ ဆိုးရွားတဲ့ အခိုက်အတန့် သိပ်မရှိလှဘဲ ပိုကောင်းတဲ့အသင်း ဖြစ်လာနေပါပြီ။ ကျနော်တို့ရဲ့ ဦးစားပေးက ပရီးမီးယားလိဂ်ပါ။ ပရီးမီးယားလိဂ်က ကျနော်တို့အတွက် သိပ်ကို အရေးကြီးပါတယ်။

ကျနော်တို့ ပွဲကောင်းတစ်ပွဲကို ကြိုးစားကစားမှာဖြစ်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးက ထိပ်တန်းအသင်းပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ သူတို့ ၁ ပွဲပဲ ရှုံးနိမ့်ထားပြီး သူတို့ကို ရင်ဆိုင်ရမှာက ကျနော်တို့အတွက် စမ်းသပ်ခံရမှု ဖြစ်လာပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လက်ထက် လီဗာပူးနဲ့ အာနယ် ဆလော့ လက်ထက် လီဗာပူးအသင်းကြား နှိုင်းယှဉ်ဖို့ မေးခံရချိန်မှာ ဂွာဒီယိုလာကပဲ

“ လက်ရှိ လီဗာပူးအသင်းက ယာဂင်ကလော့ပ် လက်ထက်က အသင်းနဲ့ အတော်လေး ဆင်တူပါတယ်။ အာနယ် ဆလော့ဟာ ပရီးမီးယားလိဂ်ကို စိန်ခေါ်လာနိုင်ခြင်းအတွက် အသိအမှတ်ပြု ခံရထိုက်သူပါ။

ကျနော်ရဲ့ မန်စီးတီး နည်းပြဘဝမှာ လီဗာပူးက အကြီးကျယ်ဆုံး ပြိုင်ဘက်အသင်းဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ လီဗာပူးမဟုတ်တဲ့ အခြားအသင်းကို ကျနော် မျှော်လင့်မထားပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။