အီဆက်ကို ဦးစားပေး၊ ဘလွန်းဒီအော ရေပန်းစားမှု၊ ဘောလုံးဆိုင်ရာ ဥပဒေသစ်၊ ဆလော့လက်အောက်မှာ ပျော်နေတဲ့ ဒီယက်ဇ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ဘက် ပီအက်စ်ဂျီဟာ ဒီအပတ်မှာ ပြည်တွင်းပြိုင်ဘက် လိုင်လီကို ၄-၁ ဖြင့် အနိုင်ယူခဲ့ပါတယ်။ လာမယ့်အပတ် ပဲရစ်မှာ ပီအက်စ်ဂျီ vs လီဗာပူးပွဲ ပထမအကျော့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အမှတ်ပေးပွဲ ၅ ပွဲ ၆ ပွဲလောက်မှာ အာဆင်နယ်က လီဗာပူးထက် အရင်ကစားရမှာဖြစ်ပြီး ရမှတ် ၁၃ မှတ်ကွာဟနေတဲ့ ဖိအားကို လျော့ချနိုင်ဖို့ အားထုတ်ရမှာပါ။

ဘောလုံးဆိုင်ရာ ဥပဒေအသစ်အဖြစ် ဂိုးသမားတွေဟာ ဘောလုံးကို ၈ စက္ကန့်ထက် ပိုကိုင်ခွင့်မရှိပါဘူး။ အဲ့ထက် ကျော်လွန်တဲ့ထိ ဘောလုံးကိုင်ထားရင် ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးရပါလိမ့်မယ်။

လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ တိုက်စစ်အတွက် ဦးစားပေးအဖြစ် အီဆက်ကို ချိတ်ဆက်မယ်လို့ ဗြိတိန်သတင်းထောက်တွေက စတင် လက်ခံလာကြပါတယ်။

ဘလွန်းဒီအောဆုအတွက် ရေပန်းစားစာရင်းမှာ မိုဆာလာက ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ အမ်ဘာပေနဲ့ ရာဖင်ညာတို့က ကပ်လိုက်နေပါတယ်။

အက်ဖ်အေဖလားမှာ လီဗာပူးအသင်း ရှုံးနိမ့်ခဲ့တဲ့ ပလိုင်းမောက်ကို မန်စီးတီးတို့ ၃-၁ ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်သွားပါပြီ။

မတ်လအတွင်းမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲပဲ ယှဉ်ပြိုင်ရဖို့ရှိပြီး ဆောက်သမ်တန်နဲ့ အိမ်ကွင်းပွဲဖြစ်ပါတယ်။

ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ ဥရောပတလွှား ထိပ်တန်းနည်းပြတွေကို ရှာဖွေချိန်မှာ လီဗာပူးအသင်းရဲ့ စံနှုန်းနဲ့ကိုက်ညီသူထဲ အမ်မိုရင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အမ်မိုရင်းအတွက် လူစာရင်း ပြန်လည် ဖွဲ့စည်းဖို့ရာမှာ ပေါင် သန်း ၄၀၀ ကုန်ကျမှာဖြစ်ပါတယ်။

တိုက်စစ်မှူး ဒီယက်ဇ်ဟာ ဒီနွေမှာ ထွက်ခွာနိုင်ကြောင်း သတင်းတွေ ထွက်နေပေမယ့် ဒီယက်ဇ် ကိုယ်တိုင်ကတော့ လီဗာပူးမှာ ပျော်နေသလို နည်းပြအာနယ် ဆလော့ လက်အောက်မှာ ကစားရတာကို မိသားစုလို ခံစားနေရကြောင်း ဖွင့်ဟပါတယ်။

အသက် ၁၆ နှစ်မှာတင် ယူအီးအက်ဖ်အေပွဲတွေ ဝင်ကစားနေတဲ့ ၁၆ နှစ်သား ဂျော်ဂျီယာ ကစားသမား ဆာဘာကို လီဗာပူးအသင်း စောင့်ကြည့်နေပါတယ်။

ယာဂင်ကလော့ပ်ရဲ့ doubters to believers စီးရီးမှာတော့ ဂျရတ် ခြေချော်ခဲ့တဲ့ ချယ်ဆီးပွဲ၊ မက်ဒရစ်ကို ရှုံးတဲ့ ချန်ပီယံလိဂ်ပွဲ၊ ယူနိုက်က်ကို ရှုံးတဲ့ အက်ဖ်အေပွဲအပြင် မန်စီးတီးကို ၅-၀ နဲ့ရှုံးတဲ့ ပွဲတွေကစလို့ လီဗာပူးသမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့်တွေကိုပါ ထည့်သွင်းထားပါတယ်။