ပြည်တွင်းပြိုင်ဘက်ထံ ပြောင်းဖို့ အဆင်ပြေတဲ့ ဒီဘရိုင်း၊ ဖလားရရင် အန်ဖီးကွင်း ပြန်လာမယ့် ကလော့ပ်၊ ထရန့် လေ့ကျင့်ရေးဝင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်း ဖလားရခဲ့ရင် အန်ဖီးကို ပြန်လာပြီး အောင်ပွဲခံမယ်လို့ နည်းပြဟောင်း ယာဂင်ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

ကွင်းလယ်လူ ဒီဘရိုင်းဟာ ရာသီကုန်မှာ မန်စီးတီးကနေ ထွက်ခွာမှာဖြစ်ပေမယ့် ဥရောပ အပြင်ဘက်ကို ထွက်မကစားလိုပါဘူး။ အဲ့ထက်စာရင် မိသားစုလိုက် အားပေးရာ လီဗာပူး အသင်းထံ ပြောင်းရရင်လည်း အဆင်ပြေတယ်လို့ ဘယ်ဂျီယံ ပြည်တွင်းသတင်းတွေက ဖော်ပြနေပါတယ်။

ညာအစွန်လူ ထရန့်နဲ့ တိုက်စစ်မှူး ဒါဝင်တို့ဟာ လက်စတာပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ပါဝင်လာပါတယ်။

ဘုန်းမောက် ခံစစ်မှူး Dean Huijsen ကို လီဗာပူးအသင်း ခေါ်ယူဖွယ် ရှိမရှိ အခြေအနေဟာ ကွမ်းဆက်ကို ဆက်ထိန်းမလားအပေါ်မှာ မူတည်နေပါတယ်။

နယူးကာဆယ်အသင်းဟာ အင်္ဂလန်လက်ရွေးစင် ခံစစ်မှူး ကွမ်းဆက်ကို ခေါ်ယူလိုနေပြီး လီဗာပူးတောင်းမယ့် ပေါင် သန်း ၆၀ ကို ပေးမလား စောင့်ကြည့်ရပါမယ်။

မာကာရဲ့ ဖခင်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေကို တုန့်ပြန် မှတ်ချက်ပေးစရာ မရှိသေးကြောင်း၊ သားဖြစ်သူ လီဗာပူးမှာ ပျော်နေကြောင်း ပြောဆိုသွားပါတယ်။

အာဆင်နယ်ကို ရှုံးအပြီးမှာ ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်က သူတို့အသင်းဟာ ဖြတ်တင်ဘောတွေ ကစားတာထက် ဘောလုံးကို ကောင်းကောင်းဖြန့်ဝေ ကစားနိုင်ဖို့ လိုနေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ရီးရဲလ်ဟာ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ဖြတ်တင်ဘော ကစားသမား ထရန့်ကို ဒီနွေမှာ အလွတ်ဖြင့် ခေါ်ယူနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက သူ့ရဲ့ dream job ဟာ လီဗာပူးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရဖို့ ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။ ၂၀၁၅ မှာ အသင်းဟာ အန်ဆယ်လော့တီကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ယာဂင်ကလော့ပ်ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။