

လက်စတာကို ၁-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ လက်ကျန် ပွဲတွေထဲက ၁ ပွဲ အနိုင်ရရင်ကိုပဲ ချန်ပီယံဖြစ်လာပါတော့မယ်။
အနိုင်ဂိုးရှင် ထရန့်နဲ့အတူ အောင်ပွဲခံနေတဲ့ အသင်းလိုက် ပုံရိပ်ကို ဆာလာက အင်စတာဂရမ်မှာ တင်သွားခဲ့ပါတယ်။ ဆာလာကတော့ အဝေးကွင်း ပရိသတ်တွေကို ချန်ပီယံဖြစ်ဖို့ ၁ ပွဲပဲလိုကြောင်းလည်း အသိပေးသွားပါတယ်။
အနိုင်ဂိုးရှင် ထရန့်ကတော့ အနာဂတ်အကြောင်း စကားပြောဖို့ကို ငြင်းဆန်သွားခဲ့ကာ အသင်းအတွက် ကစားခွင့်ရနေချိန်မှာ အကောင်းဆုံး ကြိုးစားဖို့ပဲ အာရုံစိုက်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
သတင်းစာတွေရဲ့ ခေါင်းကြီးသတင်းဟာ လီဗာပူးကနေ ထရန့် ထွက်သွားမယ် ဆိုတာထက် လီဗာပူးနိုင်ပွဲရအောင် ထရန့် ဂိုးသွင်းပေးခဲ့တဲ့အကြောင်းပဲ ဖြစ်သင့်တယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။
လီဗာပူးအဝတ်လဲခန်း၊ အသင်းဖော်တွေရဲ့ အပြုအမှုအရ ထရန့်ဟာ အနာဂတ်ကိစ္စ အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးဘဲ သူ့ကို မက်ဒရစ်ထံ မရောက်ရေး ချစ်ခြင်းတွေဖြင့် သွေးဆောင်နေကြတဲ့ အခြေအနေလို့ မှန်းဆမှုတွေ ထွက်ပေါ်လို့လာပါတယ်။
ဒီအပတ် စပါးနဲ့ပွဲဟာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်တဲ့ပွဲစဉ် ဖြစ်လာနိုင်တာကြောင့် အားလုံး လာအားပေးကြဖို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က တောင်းဆိုသွားပါတယ်။
မာကာရဲ့ တစ်ရာသီလုံး စွမ်းဆောင်ရည် တည်ငြိမ်မှုကို အချက်အလက်ဆိုင်ရာ ဝဘ်ဆိုဒ်တွေက ထုတ်ပြလာနေပြီး အာဂျင်တီးနား ကွင်းလယ်လူဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်လာနေတယ် ဖော်ပြခံနေရပါတယ်။
နည်းပြအာနယ် ဆလော့နဲ့ ဗန်ဒိုက်တို့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်ပေးဖလား ပထမဆုံးအောင်မြင်ဖူးတဲ့ နယ်သာလန်သား နည်းပြနဲ့ နည်သာလန်သား အသင်းခေါင်းဆောင် ဖြစ်လာပါတော့မယ်။
မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂမ်က ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်တယ်လို့ ထုတ်ပြောသွားပါတယ်။ ဂွမ်ဒိုဂမ်ဟာ ဘွန်ဒက်လီဂါနဲ့ လာလီဂါတို့မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။