ဖရန်ပေါင်အတွက် ယူရို ၃၅ သန်း၊ ဆက်ကိုအတွက် ယူရို သန်း ၉၀ နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ထရန့်ကို ဆာလာ အပါအဝင် လီဗာပူးအသင်းဖော်တွေ နှုတ်ဆက်နေကြပြီး အနာဂတ်မှာ အောင်မြင်စေဖို့ ဆုတောင်းပေးနေကြပါတယ်။

ထရန့်ဟာ ရီးရဲလ်မက်ဒရစ်မှာ အခွန်ဆောင်ပြီး တစ်ပတ်ကို ပေါင် ၁၅၀၀၀၀ ခွဲ လုပ်ခရမယ့် ၅ နှစ်စာချုပ် ချုပ်ဆိုသွားဖို့ နီးစပ်နေပါပြီ။

လီဗာပူးအသင်းဟာ ထရန့်ထွက်ခွာသွားတဲ့ ညာခြမ်းနေရာ အစားထိုးမှု ပြုလုပ်ရေး စီစဉ်လာနိုင်ပါတယ်။ လီဗာပူးဘက်က ခေါ်ယူလိုရင် လေဗာကူဆင် ညာအစွန်လူ ဖရန်ပေါင်က အင်္ဂလန်လိဂ်ကို ပြောင်းရွှေဖွယ် ရှိပါတယ်။

FSG ဘက်က ဒီနွေမှာ ကြီးမားတဲ့ အသုံးစရိတ်တစ်ခု ထုတ်ပေးရဖို့က သေချာသလောက် ရှိနေပါပြီ။ အသင်းဟာ ညာအစွန်၊ ဘယ်အစွန်၊ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်နေရာတွေ အားဖြည့်ဖို့ လိုအပ်နေပါတယ်။

ရစ်ချက်ဟုချ်ရဲ့ အရေးအကြီဆုံး တာဝန်ကတော့ ကစားသမား ရောင်းချမှုကနေ လူစာရင်း ရှင်းထုတ်မှုလုပ်နိုင်ရေး ဖြစ်ပါတယ်။ အသင်းဟာ ကိုစတက်၊ ဒါဝင်၊ ဂျိုတာ တို့အပြင် ဂိုးမက်စ်၊ ကွမ်းဆက်၊ ကလယ်ဟာတို့အတွက် ကမ်းလှမ်းမယ့်ကလပ် ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ် နယ်သာလန်သား ဖရန်ပေါင်ရဲ့ စာချုပ်မှာတော့ ယူရို ၃၅ သန်းပေးရင် အသင်းပြောင်းခွင့် ပါဝင်ထားပါတယ်။

လိုက်ဇစ်ဘက်က တိုက်စစ်မှူး ဆက်ကိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၉၀ ရလိုနေပါတယ်။ ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂိုအီကီတီကီရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၀၀ ဖြစ်ပါတယ်။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဟောင်းက ၂၀၂၂ ခုနှစ် ပဲရစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးပရိသတ်တွေ နာကျင်ခံစားခဲ့ရတဲ့ ဖြစ်ရပ်အတွက် တောင်းပန်မှု ပြုလုပ်သွားပါတယ်။