

ပြီးခဲ့တဲ့နွေမှာ အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်ဟာ နည်းပြသစ်အတွက် ခီယေဆာ တစ်ဦးတည်း ခေါ်ယူပေးနိုင်ခြင်းကြောင့် ပရိသတ်တွေထံက ဝေဖန်မှုတွေရခဲ့ပါတယ်။
ဒါပေမယ့် နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်တွေကြားမှာကော ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းမှာပါ လီဗာပူးကို သူရောက်ပြီး ၃ လဝန်းကျင်လောက်မှာတင် ရစ်ချက်ဟုခ်ဟာ သူ့ရဲ့တာဝန်ကို အကောင်းဆုံး ဆက်ခံနေသူအဖြစ် အထင်ကြီးခံခဲ့ရပါတယ်။
ရစ်ချက်ဟုချ်ဟာ ပြင်ပက အသံကြောင့်နဲ့ တုန်လှုပ်လွယ်သူ မဟုတ်ခဲ့ဘဲ အသင်းကိုရောက်လာပြီး ဌာနကြီးတွေကို ပြင်ဆင်နေရာချနေစဉ်မှာပဲ လီဗာပူးအသင်းရဲ့အကြီးမားဆုံး ပြဿနာလို့ သူ ယုံကြည်တဲ့ နေရာအတွက် ရေရှည် ကင်းထောက်မှုကို စတင်စေခဲ့ပါတယ်။
သူရောက်မလာခင် နောက်ဆုံးရာသီတွေရဲ့ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်မှုအရ လီဗာပူးရဲ့ ပြဿနာလို့ ရစ်ချက်ဟုချ် ယုံကြည်ခဲ့တာကတော့ ဘယ်အစွန်နေရာပဲ ဖြစ်ပါတယ်။
နောက်ဆုံး အပြောင်းအရွှေ့ အတော်များများမှာ ကွင်းလယ်ခံစစ်နေရာ အားဖြည့်ရေးကို ဦးစားပေးခဲ့ပေမယ့် လီဗာပူးအသင်းဟာ လိုချင်တဲ့ ကစားသမားမျိုး မရခဲ့ဘဲ ဂရာဗင်ဘက်ချ် တောက်ပလာခြင်းကပဲ သက်ပြင်းမောချစရာ ဖြစ်ခဲ့ပါတယ်။
ကွင်းလယ်ခံစစ်နည်းတူ ကလပ်တာဝန်ရှိသူတွေကို ခေါင်းမီးတောက်နေစေတာက ဘယ်အစွန်နေရာဖြစ်ပါတယ်။ ဒီဘယ်ခြမ်းကပဲ လီဗာပူးအသင်းကို မကြာခဏ ရမှတ်တွေ ဆုံးရှုံးနေစေတယ်၊ စွမ်းဆောင်ရည်ပိုင်း ထိခိုက်စေတယ်လို့ အသင်းတာဝန်ရှိသူတွေ မြင်ခဲ့ကြောင်း The Times သတင်းထောက် Paul Joyce က ဆိုပါတယ်။
ရော်ဘတ်ဆန်ဟာ ကလော့ပ် လက်ထက် လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ထောက်တိုင်ဖြစ်ခဲ့ပေမယ့် အသက် ၃၀ နောက်ပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကျလာခြင်းက ရေရှည်အတွက် မေးခွန်းထုတ်စရာဖြစ်လာတယ်။ ကိုစတက်ကလည်း ရော်ဘတ်ဆန်နေရာ ရေရှည် အစားဝင်နိုင်မယ့်သူလို့ လီဗာပူးတာဝန်ရှိသူတွေ မမြင်ပါဘူး။
ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်းကတော့ မှန်ကန်သူတစ်ဦးဖြင့် အစားထိုးဖို့ပဲ ဖြစ်ပါတယ်။ ဒီ ၂ ရာသီအတွင်း ရိုဘိုရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အမှားများမှုတွေအပြင် အသက် ၃၀ အထက် ကစားသမား ၃ ဦးထိ ရှိလာတဲ့ အသင်းရဲ့ ခံစစ်ဟာ ယုံကြည်စိတ်ချရမှု အားနည်းလာစေတယ်။
ရစ်ချက်ဟုချ်ဟာ ဘယ်အစွန်နေရာကို ပြဿနာတစ်ရပ်အဖြစ် လက်ခံထားပြီး အသင်းကို ရောက်ပြီး မကြာခင်မှာတင် မှန်ကန်သူတစ်ဦးကို ကာလရှည် ရှာဖွေနေခဲ့ပါတယ်။
သူကပဲ ကိန်းဂဏန်းနဲ့ အချက်အလက်တွေအရဆိုရင် ၁၀၀% အောင်မြင်မယ့် ကစားသမားဆိုတာမျိုး မရှိတာကြောင့် ၃ ပုံ ၂ ပုံလောက် ကောင်းတာတွေကို ရွေးထုတ်နိုင်ရင်ကိုပဲ အတော်လေး ကောင်းနေပြီဆိုတဲ့ အတွေးအခေါ်မျိုးကိုလည်း ဆုပ်ကိုင်ခဲ့ပါတယ်။
ဘယ်ခြမ်းအတွက် ယခင်ကတည်းက လီဗာပူးအသင်း လူသစ်ရှာနေခဲ့တာဖြစ်ပြီး ရစ်ချက်ဟုချ်လက်ထက်မှာတော့ ဝုဗ်အသင်းမှ နိုရီ၊ ဘုန်းမောက်အသင်းမှ ကာကက်ဇ် အပါအဝင် ရိုဘိုနေရာ ရေရှည် ဆက်ခံမယ့်သူအဖြစ် ရွေးချယ်ထားသူတွေကို ကာလရှည် စောင့်ကြည့်ဖို့ စီမံခဲ့ပါတယ်။
စိတ်ဝင်စားစရာကတော့ လီဗာပူးအသင်းဟာ တောင်ပံမှာ အတက်အဆင်း ကစားနိုင်သူ ကာကက်ဇ်နဲ့ ကစားဟန် လုံးဝ မတူညီတဲ့ ဘယ်အစွန်လူ အချို့ကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ အဲ့ထဲကနေမှ အန်ဖီးနဲ့ အက်ဆာကို အလည်လာခဲ့တဲ့ အေဂျက်က ဟာတိုဆိုရင် ဗန်ဒိုက်ကိုယ်တိုင်က ထောက်ခံချက်ပေးတယ်လို့လည်း အသံထွက်ပါတယ်။
အသင်းဟာ ခံစစ်မှူးအဖြစ် ကစားနိုင်တဲ့ ဘယ်အစွန်လူကို ရွေးချယ်မှာလား? တောင်ပံတောက်လျှောက် တိုက်စစ်လိုက်နိုင်တဲ့ ဘယ်အစွန်လူမျိုးကို ရွေးချယ်မှာလား? စတဲ့ နည်းစနစ်ပိုင်း ချိန်ထိုးမှုတွေကိုလည်း စိစစ်မှုတွေ လုပ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးကလည်း ဘယ်အစွန်နေရာအတွက် နူရီ၊ ကာကက်ဇ်တို့ ၂ ဦးကို အပြိုင်ကင်းထောက်ခဲ့ပြီး ကာကက်ဇ်ကို ချိတ်ဆက်မှုပါ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကာကက်ဇ်ရဲ့စိတ်က လီဗာပူးထံ ရောက်နေကြောင်း နားလည်သွားခဲ့တယ်။
ဒီနွေမှာတော့ ဘုန်းမောက်အသင်းမှ ကာကက်ဇ်ကို လီဗာပူးရဲ့ ဘယ်ခြမ်းမှာ ကာလရှည် အသုံးပြုဖို့ သင့်လျော်သူအဖြစ် ရစ်ချက်ဟုချ်က ရွေးချယ်ခဲ့ပါပြီ။ ဒီသွေးသစ်လောင်းမှုဟာ လာမယ့်ရာသီ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဘယ်လောက်ထိ သက်ရောက်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။