

ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားနိုင်တဲ့ ခံစစ်မှူး ကွမ်းဆက်ကို လက်ရှိစျေးကွက်မှာပဲ လီဗာပူးအသင်းထံကနေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် အားကောင်းနေပါပြီ။
လေဗာကူဆင်ဘက်က တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် ကွမ်းဆက်ကို ၎င်းတို့အတွက် ကလပ်စံချိန်တင်ကြေး ပေါင် ၃၄ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်။ ကွမ်းဆက်မရှိတော့ရင် ခံစစ်မှာ ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်တို့ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။
လီဗာပူးဘက်က အသက် ၂၂ နှစ်ပဲ ရှိသေးသလို အသင်းမှာ ကာလရှည်စာချုပ်ရှိထားတဲ့ ကွမ်းဆက်ကို မဖြစ်မနေ ရောင်းထုတ်ဖို့ မလိုအပ်တာကြောင့် ပေါင် သန်း ၄၀ ထိရလိုပေမယ့် နှစ်သင်းဟာ ပေါင် ၃၅ သန်းတဝိုက်မှာပဲ သဘောတူညီမှုရသွားမှာပါ။
ကွမ်းဆက်နေရာ အစားထိုးရေး homegrown ကစားသမားတစ်ဦးဖြစ်တဲ့ ပဲလေစ့်က ဂူဟီကို ခေါ်ယူသွားဖို့ လီဗာပူးဘက်က ချိန်ရွယ်ထားပါတယ်။ အသင်းမှာ homegrown လိုအပ်ချက်ရှိနေပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကပဲ စပါးဘက်က ဂူဟီအတွက် ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုကို ပဲလေစ့်ဘက်က ပယ်ချဖူးတာကို လီဗာပူးဘက်က သိပါတယ်။
လီဗာပူးဘက်က မကြာခင်လတွေအတွင်း အသက် ၂၅ နှစ်ပြည့်တော့မယ့် အင်္ဂလန်လက်ရွေးစင်ကို သဘောကျပေမယ့် ကမ်းလှမ်းမှု လုပ်မလားဆိုတာကတော့ စာချုပ် ၁ နှစ်ပဲကျန်တော့တဲ့ ဂူဟီအတွက် ပဲလေစ့်ဘက်က ဘယ်လောက်ရလိုသလဲအပေါ် မူတည်နေပါတယ်။ မဖြစ်နိုင်တဲ့ ပမာဏဆိုရင် လီဗာပူး လက်ရှောင်ပါမယ်။
မဖြစ်မနေ လူငယ်ခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူသွားမယ့် လီဗာပူးအသင်းဟာ ကြိုတင်ပြင်ဆင်မှုအဖြစ် အသင်းမှာ ဆယ်စုနှစ်ကြာ ရှိခဲ့တဲ့ homegrown စာရင်းဝင် ခံစစ်မှူး ဂိုးမက်စ်ကို ရောင်းချတော့မှာ မဟုတ်ဘဲ လာမယ့်ရာသီအတွက် အသင်းမှာပဲ ဆက်ထိန်းသွားပါမယ်။
လီဗာပူးဘက်က ကွမ်းဆက်နေရာအတွက် ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ခံစစ်မှူးသစ်တစ်ဦးကို စျေးကွက်ထဲမှာ ရှာဖွေနေကာ သင့်လျော်သူရှာတွေ့ရင် အလေးအနက် ကြိုးစားမှာဖြစ်တယ်။ မှန်ကန်တဲ့ ကစားသမားရနိုင်ဖို့ လီဗာပူးအသင်း စိတ်ရှည်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။