ဒီဘရိုင်းကို စကားပြောခြင်း၊ လူသစ် ထပ်ခေါ်ဖို့ရှိပေမယ့် လူစာရင်း ရှင်းထုတ်ဖို့ လိုအပ်နေခြင်း၊ ကေခုတ်လိုက်တဲ့ ဒါဝင်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဂူဟီ၊ အီဆက်၊ အန်ကီတီကီတို့အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် ကျသင့်မလဲ၊ ကစားသမားတွေကကော လီဗာပူးထံ ပြောင်းလိုစိတ်ရှိသလား အခြေအနေကို လီဗာပူးဘက်က စုံစမ်းနေပါတယ်။

လီဗာပူးအသင်းဟာ မန်စီးတီးကနေ ထွက်ခွာလာတဲ့ ဒီဘရိုင်းကို ခေါ်ယူရေး စကားအနည်းငယ် ပြောခဲ့သေးပေမယ့် ဗစ်ကို ရနိုင်မယ့် အခြေအနေကြောင့် နံပါတ် ၁၀ သမား နှစ်ဦး ခေါ်ယူဖို့ မကြိုးစားတော့ဘဲ ခပ်မြန်မြန်ပဲ နောက်ဆုတ်ခဲ့ပါတယ်။

ဖရန်းပေါင်၊ ဗစ်၊ ကာကက်ဇ်နဲ့ မာမာဒီရှီဗီလီတို့အတွက် ပေါင် သန်း ၂၀၀ ကျော် သုံးထားပေမယ့် လီဗာပူးအသင်း လူသစ် ထပ်မံ ခေါ်ယူဦးမှာပါ။

လူစာရင်းထဲမှာ non-homegrown ကစားသမား လျော့ချဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်မှာဖြစ်သလို ဘာ့ဆဲလ်တစ်၊ မော်တန်တို့လို လူငယ်တွေကိုလည်း အရောင်းစာရင်း တင်သွားမှာဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ အခုချိန်ထိ သူ့အနာဂတ်ကို မဆုံးဖြတ်သေးဘဲ အားလပ်ရက် ယူနေဆဲဖြစ်ပါတယ်။ ရိုဘိုကို ခေါ်ယူဖို့ အက်သလက်တီကိုက စိတ်ဝင်စားပေမယ့် ပြောင်းရွှေ့ကြေး အများကြီး ပေးလိုခြင်း မရှိပါဘူး။

ခံစစ်မှူး ၂ ဦး ခေါ်ယူဖို့ ရည်မှန်းထားတဲ့ လီဗာပူးဟာ ဖောရက်စ်က မိုရီရိုကိုလည်း သဘောကျပေမယ့် ပြောင်းရွှေ့ကြေး များနိုင်တဲ့အပေါ် စုံစမ်းနေပါတယ်။

ဒါဝင် နူးညက်စ်ဟာ သူ့ရဲ့ ဆံပင်ရှည်ကြီးကို ညှပ်လိုက်ပြီဖြစ်ပါတယ်။ တချို့ကတော့ စိတ်သစ် လူသစ်ဖြစ်သွားမယ့် ဒါဝင်ကို နံပါတ် ၉ နေရာအတွက် ဆက်ထိန်းထားဖို့ တိုက်တွန်းနေပြီး တချို့ကလည်း စာမျက်နှာသစ်တွေအတွက် အဆင်သင့်ဖြစ်တဲ့ သဘောလို့ မှတ်ချက်ပေးနေပါတယ်။

ချန်ပီယံရှစ်ကလပ် အချို့က စိတ်ဝင်စားနေတဲ့ အိုဝင်ဘက်ကို စကော့တလန်ကလပ် ရိန်းဂျားအသင်းက အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုနေပါတယ်။