

လီဗာပူးအသင်းဟာ ကွယ်လွန်သွားတဲ့ တိုက်စစ်မှူး ဒီယေဂို ဂျိုတာကို အောက်မေ့သောအားဖြင့် အထူးဗီဒီယို တစ်ခုကို ဒီမနက်မှာပဲ လူမှုကွန်ယက်တွေက တဆင့် ထုတ်လွှင့်ခဲ့ပါတယ်။
Our lad from Portugal. Forever ❤️ pic.twitter.com/opXUCmJqKq
— Liverpool FC (@LFC) July 3, 2025
ဂျိုတာဟာ အဆုတ်ခွဲစိတ်ထားတာဖြစ်ပြီး ဆရာဝန်က လက်တလော လေယာဉ်မစီးဖို့ အကြံပြုထားတာကြောင့် သင်္ဘောဖယ်ရီနဲ့ အင်္ဂလန်ကို လာရောက်ဖို့ရာ ဆိပ်ကမ်းကို ကားနဲ့သွားစဉ်မှာပဲ အခုလို အဖြစ်ဆိုး ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့တုန်းက ဇူဘီမန်ဒီကို ခေါ်ယူနိုင်ကြောင်း ကြေညာချက်ထုတ်ဖို့ ဖြစ်ခဲ့ပေမယ့် ဘောလုံးလောကရဲ့ ဝမ်းနည်းစရာကိစ္စဖြစ်တဲ့ ဂျိုတာရဲ့ မတော်တဆမှုကို ကြားသိခဲ့ရခြင်းကြောင့် သူတို့ရဲ့ အစီအစဉ်ကို နောက်ဆုတ်ကာ ပေါ်တူဂီသားအတွက် ဆုတောင်းမှုပဲ လုပ်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဂျိုတာအတွက် ဝမ်းနည်းကြောင်း ပရိသတ်တွေ လက်မှတ်ထိုးနိုင်တဲ့ စာအုပ်တွေကို အန်ဖီးကွင်းမှာ စီစဉ်ထားရှိပေးမှာဖြစ်ပါတယ်။ အဆိုပါ စာအုပ်တွေကိုတော့ ဂျိုတာရဲ့ မိသားစုတွေထံ ပေးအပ်ဖွယ် ရှိပါတယ်။
လီဗာပူးအသင်းနဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာရဲ့ နာရေးအတွက် အသင်းဖော်ဟောင်းတွေ အပြင် ကမ္ဘာအနှံ့က နာမည်ကြီးတွေကလည်း ဆုတောင်းစကားတွေဖြင့် ကျန်ရစ်သူ မိသားစုဝင်တွေအပေါ် ခွန်အားတွေပေးနေကြပါတယ်။
လီဗာပူးအသင်းရဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား အောင်မြင်မှုမှာ အဓိကကျသူတွေထဲ ပါဝင်ခဲ့တဲ့ ဂျိုတာရဲ့ ကျောနံပါတ် ၂၀ ကို ထာဝရ အနားပေးကြောင်း လီဗာပူးဘက်က ကြေညာပါတယ်။