လီဗာပူးဘက်က ဒီယက်ဇ်ကို ဘာလို့ သက်တမ်းမတိုးသလဲ? ဘာကြောင့် ရောင်းထုတ်ဖို့လည်း ငြင်းပယ်သလဲ?

လီဗာပူးအသင်းဟာ တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ကို သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ စာချုပ်ကုန်ရင် အလွတ်ဖြင့် ထွက်ခွင့်ပေးမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူ့အတွက် အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကိုလည်း အသင်းဘက်က ပယ်ချထားပါတယ်။

အသင်းပရိသတ်တွေကြားမှာ မေးခွန်းတစ်ခုဖြစ်လာတာက လီဗာပူး ဘာဖြစ်ချင်နေတာလဲ? ဆိုတာပါပဲ။ ဒီကိစ္စအတွက် LFCThaDin ဖတ်ရှုသူတွေကို ရှင်းပြပေးပါမယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ပေါ်တိုကနေ လီဗာပူးကို ပြောင်းလာတဲ့ ဒီယက်ဇ်ဟာ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူပါ။ လက်ရှိမှာ အသက် ၂၈ နှစ် ရှိနေပြီဖြစ်တဲ့ ဒီယက်ဇ်ဟာ စာချုပ်အကုန်မှာတော့ အသက် ၃၀ ထံ ရောက်ရှိနေမှာဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဘယ်တောင်ပံသမားအဖြစ် စတင်ခဲ့တဲ့ ဒီယက်ဇ်ဟာ အာနယ် ဆလော့ လက်ထက်မှာတော့ အထောင်တိုက်စစ်မှူးအဖြစ်ပဲ ရွေးချယ်ခံရပါတယ်။ အသင်းရဲ့ အစီအစဉ်တွေမှာ ဒီယက်ဇ်ဟာ ဘယ်တောင်ပံသမားအဖြစ် မှတ်ယူခြင်း မခံရတော့ပါဘူး။

ဒီယက်ဇ်ဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀-၁၄၀၀၀၀ ရရှိနေသူဖြစ်ပြီး သူ့ရဲ့ လီဗာပူးအသင်းနဲ့ လက်ကျန် ၂ နှစ်စာချုပ်ဟာ ပေါင် ၁၅ သန်းဝန်းကျင် တန်ကြေးရှိပါတယ်။

လီဗာပူးဘက်က ဒီယက်ဇ်ကို သက်တမ်းတိုးမယ်ဆိုရင် ၄ နှစ် (သို့) ၅ နှစ် စာချုပ်မျိုး ပေးရမှာပါ။ စာချုပ်သစ်မှာတော့ တစ်နှစ်ကို ပေါင် ၁၄ သန်းဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ်ထိုးကြေးနဲ့ အခြားသော ခံစားခွင့်တွေလည်း ပေးရမှာပါ။

သူ့ရဲ့ ၄ နှစ်စာ စာချုပ်သစ်ကြောင့် လီဗာပူးဘက်က ပေါင် သန်း ၆၀-၈၀ ကုန်ကျသွားမှာဖြစ်ကာ အဲထဲက အများစုကိုတော့ ကစားသမားရဲ့ အသက် ၃၀ အထက်ပိုင်းတွေမှာ ပေးချေရမှာဖြစ်ပါတယ်။ ဒါဟာ moneyball အတိုင်းသွားတဲ့ လီဗာပူးလို အသင်းအတွက် အတော်လေး စိန်ခေါ်မှုဖြစ်ပါတယ်။

လီဗာပူးဘက်က အသက် ၃၀ အထက်မှာ ဗန်ဒိုက်၊ ဆာလာတို့ကို စာချုပ်ကြီးပေးခဲ့ပြီး သူတို့ရဲ့ အသင်းအပေါ် သက်ရောက်မှု၊ ပုံရိပ်အသုံးချနိုင်စွမ်း၊ ဂျာစီရောင်းအားတွေကို ဒီယက်ဇ်က မယှဉ်နိုင်ပါဘူး။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဆာလာနောက် ဒုတိယ ဂျာစီရောင်းအကောင်းဆုံးဖြစ်ခဲ့ဖူးပေမယ့် အဲ့နောက်ပိုင်းမှာ ဒီယက်ဇ်ဟာ ထိပ်ဆုံး ၅ ဦးစာရင်းတောင် မပါလာပါဘူး။

ဒီစျေးကွက်တွေမှာ ဒီယက်ဇ်ကို ရောင်းထုတ်ပြီး သူ့လောက်အရည်အချင်းရှိ နံပါတ် ၉ နေရာ ခေါ်ယူမယ်ဆိုရင် လီဗာပူးအသင်းဟာ ယူရို သန်း ၁၀၀ ဝန်းကျင် သုံးရဖို့ရှိပါတယ်။ ဒါကိုလည်း အီကီတီကီ အပြောင်းအရွှေ့နဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါလိမ့်မယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ ဒီယက်ဇ်ရဲ့ အကောင်းဆုံးအသက်အရွယ်ကို အသုံးချနိုင်မယ့် လက်ကျန် ၂ နှစ်ကို အသင်းမှာ ဆက်ထားတာ ဒါမှမဟုတ် ယူရို သန်း ၈၀-၁၀၀ ကြားရရင် ရောင်းချမယ်လို့ ရွေးချယ်လာခဲ့ပြီး စာချုပ်သစ် မပေးတော့ခြင်းပဲဖြစ်ပါတယ်။

ကစားသမားဘက်ကလည်း အသက် ၃၀ အရွယ်မှာ ကောင်းမွန်တဲ့ စာချုပ်နဲ့ အသင်းသစ်ရဖို့ မလွယ်တာကြောင့် အခုကတည်းက အသင်းပြောင်းဖို့ အားထုတ်လာနေခြင်း ဖြစ်ပါတယ်။