

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ဟာ ဒီနွေမှာ အသင်းပြောင်းလိုကြောင်း တောင်းဆိုထားပြီဖြစ်တာနဲ့အညီ နယူးကာဆယ်ဘက်က စျေးကွက်ထဲမှာ တိုက်စစ်မှူး ရှာဖွေနေပြီဖြစ်ကာ လိုက်ဇစ်မှ ဆက်ကိုအား သဘောကျနေပါတယ်။
အီဆက်ဟာ ဆော်ဒီလိဂ်ကို ပြောင်းခြင်းထက် အင်္ဂလန်လိဂ်မှာပဲ ဆက်နေလိုပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းဘက်က စိတ်ဝင်စားနေဆဲဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့ကတော့ ဝင်ပြိုင်ကမ်းလှမ်းမယ့် အခြေအနေ မရှိပါဘူး။
မေးခွန်းကြီးဖြစ်လာတာက လီဗာပူးအသင်းဘက်က အီဆက်ကို ခေါ်ယူလိုရဲ့လား? အဲ့လောက်ငွေကြေးကော ရှိပါ့မလား? နဲ့ အသုံးစရိတ် ပေါင် သန်း ၅၀၀ နီးပါးဖြစ်လာခဲ့ရင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်း PSR ကို ဟန်ချက်ညီအောင် ထိန်းနိုင်မလား? ဆိုတာပဲ ဖြစ်ပါတယ်။
ဒါတွေကို တစ်ချက်ခြင်း အကျဉ်းသဘောပြောသွားပါမယ်။
အီကီတီကီကို ခေါ်ယူခဲ့ပြီဖြစ်ပေမယ့် လီဗာပူးအသင်းဟာ အီဆက်ကို ခေါ်ယူလိုစိတ် ရှိနေဆဲပါ။ ဒါကိုတော့ မာဆေးဆိုဒ်သတင်းထောက်တွေကော ဥရောပသတင်းထောက်တွေကပါ တညီတညွှတ်တည်း ဆိုထားပါတယ်။ လီဗာပူးဘက်က ကစားသမားဘက်နဲ့ တွေ့ဆုံမှုအချို့ လုပ်ထားတယ်လို့ နားလည်ရပါတယ်။
ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၃၀၀ ကျော် သုံးစွဲထားတဲ့ လီဗာပူးအသင်းဟာ အီဆက်အတွက် ဗြိတိန်စံချိန်တင်ကြေး ထပ်ပေးဖို့ရာ ငွေကြေးအင်အားရှိထားပါတယ်။ ဒါပေမယ့် အသင်းမှာ ငွေကြေးရှိတာမျိုး ရာနှုန်းပြည့် မသေချာပါဘူး။ တချို့ကလည်း ဒါဝင်၊ ဒီယက်ဇ်ကို မရောင်းပါဘဲ မခေါ်နိုင်ဘူးလို့ ဆိုကြပြီး တချို့ကတော့ အသင်းပိုင်ရှင် FSG ဘက်က ထောက်ပံ့ပေးလိမ့်မယ်လို့ ဆိုပါတယ်။
တတိယကိစ္စအတွက် လွတ်လပ်သော ဘောလုံးဆိုင်ရာဘဏ္ဍာရေးပိုင်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လီဗာပူးအသင်းဟာ ဒီစျေးကွက်မှာ ပေါင်သန်း ၄၀၀ ထိ သုံးနိုင်စွမ်း ရှိပါတယ်။ ကလပ်ရဲ့ ကောင်းမွန်စွာ လည်ပတ်နေမှုအရ ပေါင် သန်း ၅၀၀ အထိလည်း မြင့်တင် သုံးစွဲနိုင်ပြီး PSR အငြင်းပွားမှုကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။
အီဆက်ကို ခေါ်ယူဖို့မှာ အရေးအပါဆုံးနဲ့ အဓိကအကျဆုံး နောက်ထပ်အချက်ကတော့ လီဗာပူးလူစာရင်းမှာ သူ့ကို ဘယ်လို သုံးစွဲမလဲဆိုတာနဲ့ အာနယ် ဆလော့ရဲ့ ဘောလုံးအမြင်မှာ အီဆက်ကို ခေါ်ယူရေးက လိုအပ်ရဲ့လားဆိုတာပဲဖြစ်ပါတယ်။
ဗြိတိန်သတင်းထောက်တွေကတော့ အာနယ် ဆလော့ဟာ အီဆက်၊ အီကီတီကီတို့ကို တွဲသုံးဖို့ ပလန်ဆိုတာမျိုး အစောကတည်းက ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီနွေမှာ သူတို့နှစ်ဦးကို လီဗာပူးဘက်က တောက်လျှောက် စောင့်ကြည့်ခဲ့ပြီး ဘယ်သူက ပိုကောင်းတယ်ဆိုတာကို ရွေးချယ်တာမျိုး မဟုတ်ဘဲ နှစ်ဦးလုံးကို ခေါ်ယူလိုတဲ့ ပလန်မျိုး ရှိခဲ့ပါတယ်။
လီဗာပူးအသင်းဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးရာသီကို ကျော်ဖြတ်နေပြီး အသင်းရဲ့ ပန်းတိုင်ဟာ 21 project လို့ခေါ်တဲ့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အမှတ်ပေးချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားဖြင့် ရယူဖို့ဖြစ်တယ်။
တချိန်တည်းမှာပဲ ဥရောပရဲ့ချန်ပီယံ ဆုဖလားကိုလည်း ပြန်အပိုင်သိမ်းလိုနေတာဖြစ်ပါတယ်။