

ဒီနွေမှာ နယူးကာဆယ်ကနေ ထွက်ခွာလိုခြင်းနဲ့အတူ အီဆက်ဟာ အတ်ဒီဟောင်ရဲ့ ကိုးရီးယားခရီးစဉ်မှာ ပါဝင်ခြင်း မရှိပါဘဲ ဆိုစီဒက်မှာ တစ်ဦးတည်း လေ့ကျင့်ရေးဝင်နေပါတယ်။
လီဗာပူးအသင်းဟာ အီဆက်ကို ပေါင် ၁၂၀ ဝန်းကျင်မှာရှိနေမယ့် ပမာဏဖြင့် ခေါ်ယူရေး နယူးကာဆယ်အသင်းထံ အလွတ်သဘော ချဉ်းကပ်ခဲ့ပေမယ့် အခုချိန်မှာတော့ နယူးကာဆယ်ဘက်က တရားဝင် ပယ်ချမှု လုပ်ဆောင်ထားပါပြီ။
နယူးကာဆယ်ဘက်က အီဆက်ကို နောက်နှစ်နွေမှာ စာချုပ်ပါကြေးတစ်ရပ်ဖြင့် အသင်းကနေ ထွက်ခွာခွင့်ပေးမယ့် စာချုပ်သစ်တစ်စောင် ကမ်းလှမ်းခြင်းဖြင့် တိုက်စစ်သမားကို တစ်ရာသီ ဆက်ထိန်းနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၅ နှစ်အရွယ် အီဆက်ကတော့ ထွက်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီဖြစ်တဲ့ သူ့ရဲ့သဘောထားကို ပြောင်းလဲခြင်းမရှိပါဘူး။
၂၀၂၂ မှာ ဆိုဒီဒက်ကနေ နယူးကာဆယ်ထံ ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာခဲ့ပြီး ၃ ရာသီ ကစားခဲ့တဲ့ အီဆက်ကတော့ လာလီဂါကလပ်မှာ တစ်ဦးတည်း ဆက်လက် လေ့ကျင့်နေပါတယ်။ မတင်မကျဖြစ်နေတဲ့ ဒီအခြေအနေအတွက် နယူးကာဆယ်ကတော့ အသေးစား ဒဏ်ရာကြောင့်လို့ အကြောင်းပြပါတယ်။
အီဆက်ရဲ့ နယူးကာဆယ် စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေပြီး သူ့ကို ရောင်းချဖို့ ငြင်းဆန်နေချိန်မှာပဲ အစားထိုးဖို့ ပစ်မှတ်ကို နယူးကာဆယ်ဘက်က ရှာဖွေနေပါပြီ။
ဇူလိုင်လ ၁၅ ရက်နေ့မှာ လီဗာပူးဘက်က တိုက်စစ်မှူးကို ပေါင် သန်း ၁၂၀ ဝန်းကျင်ဖြင့် ခေါ်ယူဖို့ ဆွေးနွေးမှုစခဲ့ခြင်းဖြစ်တယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ နယူးကာဆယ် ခေါ်ယူလိုတဲ့ အီကီတီကီကိုလည်း ပေါင် ၆၉ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
စိန့်ဂျိမ်းပက်ခ် တာဝန်ရှိသူတွေက ဆက်ကိုကို ခေါ်ယူလိုပေမယ့် အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ရဖို့ ယူနိုက်တက်က အရေးသာနေပါတယ်။ နယူးကာဆယ်ဟာ ဘရန့်ဖိုဒ့်မှ ဝီဆာကိုလည်း စိတ်ဝင်စားနေပါတယ်။