

ပဲလေစ့်ပွဲမှာ လီဗာပူးခံစစ်က ယိုယွင်းခဲ့ပေမယ့် ဗန်ဒိုက် အဖျားက သက်သာစဖြစ်ခြင်း၊ အယ်လီဆန် ရာသီကြိုတွေလွဲထားခြင်း၊ ကစားသမားသစ်တွေ ထုတ်သုံးခြင်းတွေကြောင့်လည်း အားပျော့ခဲ့ပါတယ်။ ဒါကို ဆင်ခြေအဖြစ် သုံးမှာ မဟုတ်ဘဲ ဘုန်းမောက်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မယ်၊ အဆင်သင့်ဖြစ်စေရမယ်လို့ နည်းပြက ပြောပါတယ်။
ပဲလေစ့်ပွဲမှာ ကွင်းလယ်က ဘောလုံးဆုံးရှုံးလွန်းပြီး ကောင်တာတိုက်စစ် အဆင်ခံရကြောင်းနဲ့ အဲ့အပိုင်း ဂရုစိုက်ပေးနိုင်တဲ့ ဂရာဗင်ဘက်ချ် မရှိတာက သိသာခဲ့တယ်လို့ အာနယ်က ပြောပါတယ်။ ဘုန်းမောက်ပွဲမှာ ဂရာဗင်ဘက်ချ် လွဲချော်မှာဖြစ်ပေမယ့် မာကာ သက်သာလာနေပြီလို့ ပြောပါတယ်။
လီယိုနီကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ကာ တရားဝင် လက်မှတ် မထိုးရသေးဘူးလို့ နည်းပြက ဆိုပါတယ်။ ဂူဟီကတော့ အသင်းရဲ့ကစားသမား မဟုတ်သေးလို့ သူ့အကြောင်း မပြောပေးနိုင်ပါဘူး။
ဗစ်ရဲ့ အစွမ်းအစက မျှော်လင့်ထားတာထက် ပိုကောင်းနေပြီး အသင်းမျှော်လင့်ထားတာက တော်တော်လေးမြင့်မားတဲ့ လယ်ဗယ်ဖြစ်တယ်လို့ နည်းပြအာနယ် ဆလော့က ဆိုပါတယ်။ ဗစ်အနေနဲ့ အင်္ဂလန်လိဂ်ရဲ့ ပြင်းထန်မှုလယ်ဗယ်ကိုတော့ အသားကျအောင် လုပ်ရလိမ့်မယ်လို့လည်း အသိပေးပါတယ်။
ညာအစွန်နေရာအတွက် ဘရတ်ဒေလနဲ့ ဖရန်းပေါင်တို့ကို အခွင့်အရေးတူညီစွာပေးမှာ ဖြစ်ပါတယ်။ တစ်ဦးချင်း စီးချင်းတွေမှာ ဖရန်းပေါင်က ပိုကောင်းပြီး သူတို့နှစ်ဦးဟာ မိုအတွက် နေရာလွတ်တွေ ပိုဖန်တီးပေးနိုင်သူတွေဖြစ်ဖို့ နည်းပြက မျှော်လင့်ပါတယ်။
နံပါတ် ၁၀ နေရာကနေ ဖယ်ထုတ်ခံထားရတဲ့ ဆိုဘိုဟာ ကွင်းလယ် နံပါတ် ၈ သမားအဖြစ်ကော နံပါတ် ၁၀ သမားအဖြစ်ပါ ကောင်းကောင်းကစားနိုင်ကြောင်းနဲ့ အဆုံးသတ်ပိုင်း အခိုက်အတန့်တွေအတွက် တိုးတက်လာဖို့ပဲ လိုတာဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီကြိုပွဲစဉ်တွေကို လွဲချော်နေတဲ့ ဂိုးမက်စ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ၂ ကြိမ် ပြန်ဝင်ထားပါပြီ။ ဒီအပတ် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အရန်လူစာရင်းကနေ ပါဝင်လာနိုင်ပါတယ်။