ရာသီသစ်ကို အနိုင်ဖြင့် စဖွင့်ခြင်း၊ အကောင်းဆုံးကစားသမားဆု၊ အာနယ် ဆလော့ရဲ့ နည်းစနစ် ပြောင်းလဲနိုင်စွမ်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ လီဗာပူးအသင်းဟာ အက်ကီတီကေ၊ ဂက်ပို၊ ခီယေဆာ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၄-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အန်ဖီးမှာ ဂျိုတာဟာ ဘယ်လောက်တောင် အချစ်ခံရတဲ့ ကစားသမားလဲဆိုတာကို ပွဲကိုတက်ရောက်ကြည့်ရှုတဲ့ သူ့မိသားစုဝင်တွေအား ပြသနိုင်ခြင်းအတွက် ဝမ်းသာတယ်လို့ အာနယ်က ပြောပါတယ်။

ခီယေဆာက ဒီရာသီ လီဗာပူးအသင်းမှာ ဆက်နေခွင့်ရအောင် ကလပ် တာဝန်ရှိသူတွေနဲ့ စကားပြောသွားမယ်လို့ ပြောဆိုပြီး လူစားဝင်လာချိန် အကောင်းဆုံးကစားပေးတဲ့ အီတလီတိုက်စစ်သမားကို နည်းပြအာနယ်က ချီးကျူးပါတယ်။

ရာသီအစမှာတင် အသင်းရဲ့ ခံစစ်ဟာ ထောက်ပြခံရမှုတွေ များနေပြီး ဒီအတွက် ပိုကောင်းတဲ့အဖြေကို ရှာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘုန်းမောက်ပွဲအတွင်း နည်းပြအာနယ်ဆလော့ဟာ လူစားလဲမှုတွေဖြင့် နည်းစနစ် အပြောင်းအလဲ လုပ်ပြခဲ့တာဟာ သူ့မှာ ပလန်ပေါင်းများစွာရှိတယ်ဆိုတာ မြင်သာစေပါတယ်။

သိသာထင်ရှားတာတွေက ဂိုးမက်စ်ကို အစွန်လူအဖြစ် ထည့်ပြီး အတွင်းထဲထိ ဝင်ကစားစေတာ၊ ဗစ်ကို ခီယေဆာနဲ့လဲကာ ဆာလာနဲ့ တိုက်စစ်မှာ တွဲဘက်ပေးလိုက်တာနဲ့ ဆိုဘိုကို ကွင်းအနှံ့ လိုက်ဖြည့်စေတာမျိုးတွေဖြစ်ပါတယ်။

ဘုန်းမောက်ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို အက်ကီတီကေက ရရှိခဲ့တာဖြစ်ပါတယ်။ ဟူဂိုကတော့ သူ ဒီထက်ပိုကောင်းကောင်း လုပ်ပြနိုင်သေးတယ်လို့ အသိပေးသွားပါတယ်။

တပွဲလုံး 11.3km ထိ ပြေးလွှားသွားတဲ့ ကွင်းလယ်လူ ဗစ်ဟာ အင်္ဂလန်လိဂ်ရဲ့ အသောမသတ်တဲ့ပြင်းထန်မှုကို စတင် မြည်းစမ်းခွင့်ရခဲ့ပြီဖြစ်ကာ ခပ်မြန်မြန် သင်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

မိုဆာလာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့် ၁၀ ကြိမ်လုံးကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ကစားသမားဖြစ်လာပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ ဖရန်းပေါင်ကို လူစားလဲခဲ့တာက တံကောက်ကြောမှာ နာကျင်မှုခံစားရတာကြောင့်ဖြစ်ပြီး အသေးစိတ် အခြေအနေတော့ မသိရပါဘူး။

ဘုန်းမောက်နဲ့ပွဲအတွင်း ပွဲချိန် မိနစ် ၃၀ တဝိုက်မှာ ကွင်းလယ်ဒိုင်က နှစ်ဘက်အသင်း နည်းပြတွေကို ခေါ်ယူစကားပြောနေတာဟာ လီဗာပူးပရိသတ်ဘက်က ဘုန်းမောက်ကစားသမားကို လူမျိုးရေးခွဲခြားခြင်းကြောင့်ဖြစ်ပါတယ်။