ခြေစွမ်းကျဆင်းနေတဲ့ ဆလော့ရဲ့ လီဗာပူး၊ အသင်းရဲ့ပွဲတွေကို ကြည့်ရတာ ဘာကြောင့် ပျင်းဖို့ကောင်းလာသလဲ

🔴 လီဗာပူးအသင်းရဲ့ပွဲတွေကို ကြည့်ရတာ ဘာကြောင့် ပျင်းဖို့ကောင်းလာသလဲ

နောက်ဆုံးကစားတဲ့ ၉ ပွဲဆက်ကို ရှုံးပွဲမရှိ ကစားထားနိုင်တဲ့ အာနယ် ဆလော့ရဲ့ လီဗာပူးဟာ အကောင်းမြင်ခံရခြင်းထက် ဝေဖန်ခံရခြင်းကပဲ ပိုများလာနေပြီး ဖူလ်ဟမ်ပွဲအပြီးမှာဆိုရင် ရှုံးမှာကို ကြောက်နေတဲ့အသင်းဆိုပြီး မညှာမတာ ထောက်ပြခံရခြင်းတွေကို ရှိလာပါတယ်။

ဒါတွေရဲ့အစဟာ နည်းပြအာနယ် ဆလော့ရဲ့ ရှုံးပွဲတွေကို ရပ်တန့်ဖို့ရာ ခံစစ်ကို ပိုမိုလုံခြုံအောင် ကစားတဲ့ safety-first ချဉ်းကပ်မှုကြောင့်ပဲဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ ဒီချဉ်းကပ်မှုကြောင့် အသင်းဟာ ဂိုးပေးရမှုနဲ့ ဂိုးပေါက် ခြိမ်းခြောက်ခံရမှုကို နည်းပါးသွားအောင် စီမံနိုင်ပေမယ့် ကိုယ်တိုင် ဂိုးသွင်းဖို့ပါ ရုန်းကန်လာရပါတယ်။

လီဗာပူးမှာ ဖန်တီးနိုင်သူ မရှားသေးပါဘူး။ ဗစ် (၃၀ ကြိမ်)၊ ဆာလာ (၂၈ ကြိမ်)နဲ့ ဂက်ပို (၂၃ ကြိမ်) တို့ဟာ ဒီရာသီ အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ထိပ်ဆုံး ကစားသမား ၁၅ ဦးစာရင်းထဲ ပါဝင်နေတာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် အစောပိုင်း ၁၂ ပွဲနဲ့ နောက်ပိုင်း ၈ ပွဲကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လီဗာပူးရဲ့ မျှော်မှန်းဂိုး (xG)၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေက နည်းနည်းချင်း ကျလာခဲ့ပါတယ်။

ရှုံးပွဲတွေကို ရပ်တန့်ဖို့ နည်းဗျူဟာ စတင်ပြောင်းလဲချိန်ကစလို့ အစွန်လူနှစ်ဦးကို တိုက်စစ်ခပ်မြင့်မြင့်နေရာ ဖြန့်ထုတ်ပြီး ကွင်းလယ် အတွင်းလူ ၂ ဦးနဲ့ ဗဟိုခံစစ်မှူး ၂ ဦးကို ပိုတွဲကစားစေတဲ့ ပုံစံကို ပြောင်းလဲကျင့်သုံးလာသလို ဖိအားပေးကစားခြင်းထက် ဘောလုံးပိုင်ဆိုင်မှု ယူထားရေးက ဦးစားပေးဖြစ်လာနေတယ်။

တပြိုင်တည်းမှာပဲ ကွင်းလယ်လူတွေကလည်း စွန့်စားမှုယူတဲ့ ပေးပို့ချက်တွေကို ပြုလုပ်ခြင်းမျိုး အားနည်းလာတယ်။ ယခင်ရာသီက မြင်တွေ့ရတဲ့ ဂရာဗင်ဘက်ချ်ရဲ့ ကွင်းလယ် တောက်လျှောက် ဆွဲထုတ်မှု ပေးချက်မျိုးတွေ ကျဆင်းလာပြီး တိုက်စစ်ထံ တိုက်ရိုက်ပေးပို့မယ့်အစား ဂျုံးနဲ့အတူ ဘေးတိုက် ပေးချက်တွေပဲ လုပ်လာနေပါတယ်။

အသင်းဟာ အခွင့်အရေး ဖန်တီးမှုမှာ အများကြီး မကျဆင်းပေမယ့် ခံစစ်အထိုင်ရဲ့ စွန့်စားမှု မလုပ်တဲ့ ဘေးကိုပဲ ဘောလုံးထိုးပေးမှု၊ ခံစစ်ကို ကျစ်လစ်အောင် ဦးစားပေးမှုတွေအရ ပွဲစဉ်တွေကို ကြည့်ရှုရတဲ့ ပရိသတ်တွေရဲ့ အမြင်မှာ အသင်းရဲ့ ကစားဟန် ထိုင်းမှိုင်းသွားခြင်းဟာ သိသာလာနေခဲ့ပါတယ်။

ဒီယက်ဇ်လို တစ်ဦးချင်း ကျော်ဖြတ်မှုကောင်းတဲ့ တိုက်စစ်သမားမျိုး မရှိတော့ခြင်းနဲ့အတူ လီဗာပူးတိုက်စစ်က ခန့်မှန်းရလည်း ပိုမိုလွယ်ကူနေတာက အမှန်တရားပါပဲ။ ဒါကြောင့်ပဲ အသင်းအများအပြားက လီဗာပူးကို ခံစစ်ပိတ်ကစားမှု လုပ်ချိန်တွေမှာ အသင်းဟာ တစ်ဦးချင်း အရည်အချင်းနဲ့ ကျော်ဖြတ်နိုင်ခြင်း မရှိပါဘူး။

ညာခြမ်းမှာ ဖရန်းပေါင်ရဲ့ အရှိန်နဲ့ ကစားနိုင်စွမ်းက ပိတ်ကစားတဲ့ ခံစစ်တွေကို ထိုးဖောက်မယ့် လီဗာပူးတိုက်စစ်အတွက် ရှုထောင့်ကောင်းတစ်ခု ဖြစ်လာတယ်။ ဂရာဗင်ဘက်ချ်ရဲ့ သွင်းဂိုးမှာ ဒါကို မြင်တွေ့ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် ဘယ်ခြမ်းကနေ ကာကက်ဇ်ရဲ့ ရည်ရွယ်ချက်မဲ့တဲ့ ဖြတ်တင်ဘောမျိုးတွေက ဖူလ်ဟမ်ပွဲမှာ မြင်ရသလို အသုံးမဝင်စွာ ဖြုန်းတီးမှုတွေပဲဖြစ်ပါတယ်။

နိဂုံးပြောရရင် လီဗာပူးရဲ့ စာရွက်ပေါ်က ကိန်းဂဏန်း အခွင့်အရေးတွေဟာ ဆက်ရှိနေဆဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မြန်နှုန်းမရှိ၊ စွန့်စားမှုမရှိ၊ တစ်ဦးချင်း စွမ်းရည်ကောင်း မရှိခြင်းနဲ့အတူ တိုက်စစ်က သိသာစွာ ထိရောက်မှု ကျဆင်းသွားခဲ့တယ်။ အာနယ် ဆလော့ အနေနဲ့ အသင်းရဲ့ ကစားအားကို ပြန်မြှင့်လာအောင် ပြုလုပ်ပြီး ခံစစ်လုံရေးကို ဦးစားပေးနေမယ့်အစား အသင်းလိုက် ဟန်ချက်ညီမှုကို ပြန်ရှာနိုင်မှပဲ လက်ကျန် ရာသီဝက်မှာ နိုင်ပွဲတွေကို ပြန်ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

#LFCThaDin