ရစ်ချက်ဟုချ်နဲ့ အာနယ် ဆလော့ကြားက အာဏာလွန်ဆွဲပွဲနဲ့ ဇန်နဝါရီစျေးကွက်ထဲ မဝင်ဖို့ဖြစ်လာခြင်း

လီဗာပူးအသင်းဟာ ဇန်နဝါရီစျေးကွက်မှာ လူဝယ်ယူရေး ဝင်ရောက်မှာ မဟုတ်ဘူးလို့ ဂုဏ်သိက္ခာရှိ အသင်းသတင်းထောက်တွေက ဆိုပါတယ်။ မှန်ကန်တဲ့ အခွင့်အရေးရမှ ဒါမှမဟုတ် လက်ရှိ လူစာရင်းထက် အခြေအနေ ပိုဆိုးသွားမှပဲ လူဝယ်ယူမယ်လို့ အာနယ် ဆလော့ကလည်း အတည်ပြုပါတယ်။

ကောလဟာလ သတင်းတခုအဖြစ် လီဗာပူးအသင်းဘက်က ဇန်နဝါရီစျေးကွက်ထဲ မဝင်ခြင်းဟာ အာနယ် ဆလော့အပေါ် အသင်းဘုတ်အဖွဲ့ရဲ့ သံသယတွေကြောင့်လို့လည်း အသံထွက်ပါတယ်။

နွေတုန်းက လီဗာပူးအသင်းဟာ ပဲလေစ့်အသင်းခေါင်းဆောင် ဂူဟီကို ပေါင် ၃၅ သန်းအပြင် အနာဂတ် ရောင်းချရမှုကနေ ၁၀% ခံစားခွင့်ပေးမယ့် သဘောတူညီမှု ယူခဲ့တာပါ။ ပဲလေစ့်ဘက်က ပွဲဖျက်ခဲ့အပြီး ဇန်နဝါရီစျေးကွက်မှာတော့ ပေါင် သန်း ၂၀ အထက်ဖြင့် ခေါ်ယူခွင့်ရမယ့် အခွင့်အရေး ပေါ်လာခဲ့ပါတယ်။

လီဗာပူးဘက်က ဂူဟီကို နွေတုန်းကထက် သက်သာတဲ့ စျေးနှုန်းတရပ်ဖြင့် ခေါ်ယူခွင့်ရမယ့် အခွင့်အရေးမှာတောင် အပြိုင်အဆိုင် ဝင်ကမ်းလှမ်းဖို့ စိတ်မပါဘဲ နွေမှာ အလွတ်ဖြင့်ရမှ ခေါ်ယူမယ်ဆိုတဲ့ သဘောထားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါတယ်။

နွေမှာ ပေါင် သန်း ၄၅၀ အကုန်အကျခံကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ဒီရာသီ လီဗာပူးအသင်းရဲ့ ရလဒ်တွေ ကျဆင်းနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ အာဆင်နယ်နဲ့ ၁၄ မှတ်အထိ ကွာဟနေတာပါ။ ဒီဖြစ်ရပ်အတွက် တာဝန်ယူရမယ့်သူ ၂ ဦးပဲရှိပြီး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်နဲ့ နည်းပြအာနယ် ဆလော့ကလွဲလို့ အခြားမရှိပါဘူး။

ရလဒ်တွေမကောင်းဘဲ ဒဏ်ရာရသမားတွေ များနေသလို ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ ကိုနတေး နှစ်ဦးပဲ ကျန်တဲ့ လူစာရင်းအတွက် ခံစစ်အားဖြည့်ပေးဖို့ အသင်းဘက်က ငြင်းဆန်နေခြင်းဟာ နယ်သာလန်သားနည်းပြရဲ့ ရာထူး အာမခံချက် မရှိတာကို ပေါ်လွင်စေပါတယ်။

အာနယ် ဆလော့က နွေမှာ အေဂျက်ကို ပြောင်းသွားပြီး ၂၀၂၅ နိုဝင်ဘာမှာ ရာထူးကနေ ထွက်ခွာခဲ့ရတဲ့ သူ့ရဲ့တွဲဘက်ဟောင်း ဂျွန် ဟိုင်တင်ဂါကို လီဗာပူးထံ ပြန်ခေါ်ပြီး အသင်းရဲ့ခံစစ်ပိုင်းကို တည့်မတ်ဖို့ အလိုရှိခဲ့တယ်။ ဒီကိစ္စကိုလည်း လီဗာပူးအားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ပယ်ချခဲ့ကာ နည်းပြနဲ့ ကလပ်အကြီးအကဲတွေကြား ယုံကြည်မှု အားနည်းပြီး အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ ကောလဟာလလည်းရှိပါတယ်။

လက်ရှိမှာ ဟိုင်တင်ဂါက စပါးကို ပထမအသင်းနည်းပြအဖြစ် ရောက်ရှိသွားပြီး လီဗာပူးကလည်း ခံစစ်အားနည်းနေတဲ့ကြားက ခံစစ်ကို အားမဖြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။
အာနယ် ဆလော့အနေနဲ့ လက်ရှိလူစာရင်းနဲ့အတူ စွမ်းဆောင်ရည်ပိုင်း၊ ရလဒ်ပိုင်းကို တိုးတက်လာအောင် ပြန်လုပ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် သေချာအောင် မလုပ်ပေးနိုင်ရင် ရာသီကုန်မှာ ကတ္တီပါလမ်းခွဲမျိုး မဖြစ်သွားနိုင်ဘူးလို့ မပြောနိုင်တဲ့ အခြေအနေပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးလ်အကြီးအကဲတွေဟာ ဆလော့ရဲ့နေရာကို အစားထိုးဖို့ အလွန်ဆို အပါအဝင် နည်းပြအချို့ကို ချိန်ရွယ်ထားပြီး နွေမှပဲ အကြီးစား အားဖြည့်မှုအတွက် ဆွေးနွေးကြမယ်လို့ မှန်းဆခံနေရပါတယ်။