လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းအား ၃-၂ ဂိုးဖြင့် နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီနေရာမှာ အလေးအနက် ပြောစရာဖြစ်လာတာက လီဗာပူးအသင်းဟာ တစ်ပွဲစ၊ နှစ်ပွဲစ ရလဒ်ဆိုးတာမျိုး မဟုတ်တော့သလို ကာလတို ခြေစွမ်းကျဆင်းခြင်း အဆင့်ထက်ကိုတောင် ပိုဆိုးရွားလာပြီး ရေရှည်မှာ ဆက်တိုက်ဖြစ်နေတဲ့ ပြဿနာတွေနဲ့အသင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ လက်ရှိအခြေအနေဟာ ကာလတိုဖြင့် ပြန်ကောင်းလာဖွယ် မရှိတော့ပါဘူး။
လီဗာပူးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် (ဘုန်းမောက်၊ ဘန်လေ၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ လိဒ်ယူနိုက်တက်) အနိုင်မရခဲ့ပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရမယ့် အသင်းက အဆင့်နိမ့်ပြိုင်ဘက်တွေကို ရင်ဆိုင်ရတဲ့ပွဲတွေမှာပါ ရုန်းကန်လာရတာက တုန်လှုပ်စရာကောင်းပါတယ်။
စိတ်ဓါတ်ပိုင်းမှာဆိုရင်လည်း လီဗာပူးအသင်းဟာ ချန်ပီယံတွေလို တုန့်ပြန်ရမယ့်အစား ခပ်လွယ်လွယ် အရှုံးပေးလိုစိတ်တွေ ရှိနေပါတယ်။ ပုံမှန်အားဖြင့် လီဗာပူးအသင်းဟာ ပြိုင်ဘက်တွေရဲ့ ဖိအားပေးခံရချိန်တွေ၊ ဂိုးပေးလိုက်ရချိန်တွေဆိုရင် တက်ကြွတဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့ တုန့်ပြန်လေ့ရှိပါတယ်။
အာနယ် ဆလော့ရဲ့ လီဗာပူးကတော့ အဲ့လို မဟုတ်ဘဲ ရလဒ်မကောင်းဖြစ်လာတာနဲ့ ဝတ်ထားတဲ့ဂျာစီလိုပဲ အလံဖြူထောင်လိုစိတ်က ခပ်များများဖြစ်လာနေတယ်။ ဗာဂျယ် ဗန်ဒိုက်ဟာ လက်မောင်းပေါ်က ရွှေရောင်ချန်ပီယံတံဆိပ်ကို ကြွားလုံးထုတ်ခဲ့ပေမယ့် ဘုန်းမောက်ပွဲမှာ သူနဲ့ အသင်းရဲ့ကစားဟန်ကတော့ ချန်ပီယံအသင်းရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်းမျိုးမှာ ရှိမနေပါဘူး။
လီဗာပူးအသင်းရဲ့ အသင်းလိုက်ကစားဟန်ကလည်း အခုမှ မတော်တဆတွေ့ကြတဲ့ လူစိမ်းတွေ ဘောလုံးအတူ စုကစားကြသလိုပဲ နားလည်မှုမရှိ၊ စည်းလုံးမှုမရှိဘဲ ယုံကြည်မှု ပျောက်ဆုံးကာ အသင်းလိုက် ကစားဟန် ပျက်ပြားနေပါတယ်။
အရင်ကဆိုရင် ခံစစ်မှာ ဗန်ဒိုက်ရှိနေတာက ပြိုင်ဘက်များကို ခံစစ်တံတိုင်း အကာအရံအဖြစ် ကြောက်ရွံ့စေခဲ့ပေမယ့် အခုချိန်မှာတော့ အိုမင်းပြီး သက်လုံကျနေတဲ့ သာမာန်ခံစစ်မှူးတစ်ဦးထက် မပိုပါဘူး။
ဒီနေရာမှာ ကွင်းလယ်လူ ဆိုဘိုစလိုင်းရဲ့ တောက်ပမှုကတော့ ထင်ရှားနေဆဲပါ။ တချိန်ကလည်း စိတ်အားထက်သန်မှုမရှိဘဲ ဖိအားတွေအောက် မြုပ်နေတဲ့ လီဗာပူးဂျာစီ ဝတ်ဆင်သူ ကစားသမားတွေကြားမှာ ကျောနံပါတ် ၈ ဝတ်ဆင်ပြီး လက်ပတ်ပတ်ထားတဲ့ ကစားသမားတစ်ဦး ရှိဖူးပါတယ်။ ဆိုဘိုစလိုင်းဟာ အဲ့ကစားသမားကြီးလိုပဲ သူကိုယ်စားပြုထားတဲ့ အသင်းအတွက် ထက်ထက်သန်သန် ကြိုးစားနေပါတယ်။
ဘောလုံးရာသီက ၃ ချိုး ၂ ချိုးကို ကုန်ဆုံးလာနေပါပြီ။ လီဗာပူးက ထိပ်ဆုံး ၅ သင်းထဲ ဝင်နိုင်ဆဲဖြစ်ရင်တောင် အာမခံချက် အတော်လေး နည်းပါးတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။
လက်ရှိ လီဗာပူးအသင်းရဲ့ စိတ်ဓါတ်၊ ခြေစွမ်းနဲ့ စုစည်းမှုဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရမယ့် အသင်းတစ်သင်းရဲ့ အဆင့်အတန်းမှာ ရှိမနေပါဘူး။ ကံကောင်းတာတစ်ခုက ပြိုင်ဘက်တွေကလည်း လီဗာပူးလို နိမ့်ပါးနေကြခြင်းပဲဖြစ်ပြီး ဒီကံကောင်းမှုက ဆက်ရှိနေဖို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။
