

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် အေစီမီလန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၁ ဖြင့် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။
အသင်းကောင်းတစ်သင်းကို အဝေးကွင်းမှာ အနိုင်ရတာက ကျေနပ်စရာဖြစ်ပေမယ့် လိုက်ဇစ်၊ ဂျီရိုနာ၊ ပီအက်စ်ဗီတို့ကို အဝေးကွင်း သွားကစားရဦးမှာ ဖြစ်သလို ဘိုလော့ညာ၊ လေဗာကူဆင်၊ ရီးရဲလ်မက်ဒရစ်၊ လိုင်လီတို့ကို အိမ်ကွင်းတွေမှာ ဧည့်ခံရဦးမှာမို့ ခက်ခဲနေဆဲပါ။
နောက်အဆင့်ကို တက်နိုင်ဖို့ အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းကပဲ အာမခံချက်ရမှာဖြစ်ကာ အဆင့် ၉ ကနေ အဆင့် ၂၄ အတွင်း အသင်း ၁၆ သင်းကတော့ ရှုံးထွက်ပွဲ ပြန်ကစားရဦးမှာဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံလိဂ်မှာ အခက်ခဲဆုံး ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားတဲ့ ၂ သင်းထဲ ပါဝင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၈ သင်းထဲ ပါလိုရင် အနည်းဆုံး ရမှတ် ၁၇ မှတ်ရထားဖို့ လိုအပ်မယ်လို့ CBS Sports က တွက်ချက်ပြလာပါတယ်။
ဒါဟာ ချန်ပီယံလိဂ် ပွဲစဉ် ၈ ပွဲအတွင်း အနည်းဆုံး ၅ ပွဲကို အနိုင်ရဖို့လိုပြီး ၁ ပွဲထက် ပိုရှုံးလို့မရမယ့် အခြေအနေဖြစ်ပါတယ်။
CBS Sports ကတော့ အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းထဲမှာ လီဗာပူးအသင်းက နောက်ဆုံးအဆင့်ကနေ ပါသွားနိုင်မယ်လို့ မျှော်လင့်ထားပြီး play-off ကို ရှောင်လွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်ဟာ အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းထဲ ဝင်နိုင်ဖို့ဖြစ်ကာ play-off ပွဲမှာ ဘယ်လိုပြိုင်ဘက်မျိုး ရင်ဆိုင်ရမလဲဆိုတာက မှန်းဆဖို့ ခက်ခဲလွန်းတာဖြစ်ပါတယ်။