

လာမယ့်ရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တဲ့နောက် တိုက်စစ်မှူး ဆာလာက ပရိသတ်တွေကို တောင်းပန်တဲ့ စကားကို သူ့ရဲ့ လူမှုကွန်ယက်တွေက တစ်ဆင့် ရေးသားသွားခဲ့ပါတယ်။
ဒီရာသီ အဆင့် ၅ ကနေ ရာသီသိမ်းမယ့် လီဗာပူးဟာ လာမယ့်ရာသီမှာတော့ ယူရိုပါလိဂ်မှာပဲ ပါဝင် ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ ၂၀၁၇ မှာ လီဗာပူးကို ဆာလာ ပြောင်းလာပြီးတဲ့နောက် သူ ပထမဆုံးအကြိမ် ကစားရမယ့် ဥရောပပြိုင်ပွဲလည်း ဖြစ်ပါတယ်။
ကလော့ပ်လက်ထက် ဥရောပရဲ့ ခြေစွမ်းအထက်ဆုံး ကလပ်တစ်သင်းအဖြစ် တောက်ပခဲ့တဲ့ လီဗာပူးဟာ ဒီနှစ်တွေအတွင်း ချန်ပီယံလိဂ် ဖိုင်နယ်ကို ၃ ကြိမ်ထိ တက်ရောက်ထားနိုင်တာပါ။ ဒါပေမယ့်လို့ ဒီရာသီ နိမ့်ပါးမှုက ပြိုင်ပွဲကြီးနဲ့ပါ လွဲချော်ခဲ့ပါပြီ။
” ကျနော် အတော်လေး ခံစားနေရပါတယ်။။ လာမယ့်ရာသီ ချန်ပီယံလိဂ် လွဲချော်တာအတွက် ဘာ ဆင်ခြေမှလည်း ပေးစရာ မရှိပါဘူး။ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရှိသင့်တဲ့ အရည်အသွေးတွေ ရှိတာတောင် ဖြစ်အောင် မလုပ်နိုင်ခဲ့တာပါ။
ကျနေ်ာတို့က လီဗာပူးအသင်း ဖြစ်ပါတယ်၊ ဒီအသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ဆိုတာ အနိမ့်ဆုံး မျှော်လင့်ထားရမယ့် အချက်ပဲ။ ဒါပေမယ့် အခုနေမှာ အကောင်းမြင်တာ၊ စိတ်ဓာတ်မြှင့်တင်တာတွေ လုပ်ဖို့က သိပ်စောလွန်းနေပါတယ်။ ကျနော်တို့က ကိုယ့်ဘာသာရော ပရိသတ်တွေကိုရော စိတ်ပျက်အောင် လုပ်ခဲ့မိတာပါ ” လို့ ဆာလာက ဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ် လက်ထက် ယူရိုပါလိဂ် အနိုင်မရဖူးသေးသလို အဆိုပါဖလားကို လာမယ့်ရာသီမှာ ကိုင်မြှောက်နိုင်ဖို့ ကြိုးစားသွားကြမှာ ဖြစ်ပါတယ်။