NEWS: လီဗာပူးရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ မျှော်လင့်သလို ဖြစ်မလာနိုင်ကြောင်း ကလော့ပ် ထုတ်ပြောလာပါပြီ။

ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေကို အမြန်ဆုံး လုပ်ပြီး ရာသီကြို မတိုင်ခင် စုဆောင်းထားလိုပေမယ့် လက်မှတ်ထိုးမှုတွေ လုပ်ရေးကိစ္စတွေက နှောင့်နှေးနိုင်ကြောင်း ကလော့ပ်က ပြောလာပါတယ်။

အသင်းသတင်းထောက် David Maddock ကလည်း ကလော့ပ်ရဲ့ ပြောဆိုမှုကို ကိုးကားပြီး လက်မှတ်ထိုးမှု ကိစ္စတွေ နှောင့်နှေးနိုင်တယ်လို့ သတိပေးလာတယ်။ ဒါပေမယ့်လို့ ကစားသမားသစ် ခေါ်ယူရေး နောက်ကျနိုင်ခြင်းက ပြဿနာတစ်ခု အဆင့်ထိတော့ ရောက်မလာသေးပါဘူး။

ဆောက်သမ်တန် ပွဲကြိုမှာ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကလော့ပ်က ပြောရာမှာ ” ကိစ္စတွေက ကိုယ်မျှော်လင့်ထားသလို အမြန်ဆုံးဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာတင် မဟုတ်ပါဘူး၊ ဖြစ်မလာနိုင်သလောက် ရှိနေတာပါ။

ကစားသမားကောင်းတွေကို လိုချင်တဲ့အခါမှာ အခြားသော ကလပ်တွေကလည်း သူတို့ရဲ့ ကစားသမားကို ထွက်ခွင့်ပေးလိုစိတ် ပိုနည်းပါတယ်။ ဒီတော့ ကျနော်တို့ လက်မှတ်ထိုးမှုတွေ လုပ်နိုင်ဖို့ ပြင်ဆင်ရပါမယ်။

ကစားသမားကောင်း တစ်ယောက်ကို မနက်ဖြန် ခေါ်နိုင်တာဖြစ်သလို ၆-၇ ပတ်လောက် စောင့်ခေါ်ရမယ်ဆိုရင်ဖြစ်နိုင်ပေမယ့် ကျနော်အတွက် သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

ကျနော်တို့ ဖြစ်ချင်တာကတော့ မနက်ဖြန်မှာပဲ သူတို့ အားလုံးကို လက်မှတ်ထိုးဖို့ဖြစ်ပြီး ဘယ်အချိန် အသင်းနဲ့ ပူးပေါင်းရမလဲ ပြောထားဖို့ ဖြစ်ပါတယ်။ ပြီးရင် နွေမှာ ပြည့်ပြည့်ဝဝ အနားယူပြီး ကိစ္စတွေ စတင်လို့ရမှာမျိုးပါ ” လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဇူလိုင်လမှာ စတင်မယ့် ရာသီကြို မတိုင်ခင်မှာ ကစားသမားသစ်တွေကို အပြီးသတ် လက်မှတ်ထိုးလိုတာပါ။ ဒါပေမယ့်လို့ နွေ အဓိက ခေါ်ယူမှုအဖြစ် အသင်း လိုချင်နေတဲ့ ကစားသမားကောင်းတွေကို သက်ဆိုင်ရာ ကလပ်တွေကလည်း မရောင်းပေးလိုကြပါဘူး။

အသင်းဟာ အယ်လစ္စတာ၊ မေဆန်မောင့်၊ ဂရာဗင်ဘက်ချ်တို့ကို အဓိက ပစ်မှတ်တွေအဖြစ် ဦးတည်ထားပေမယ့် တရားဝင် ဆွေးနွေးမှု သတင်းတွေ မကြားရသေးပါဘူး။ လူသစ်တွေ ရာသီကြို လေ့ကျင့်ရေးကို အပြည့်အဝ မပူးပေါင်းနိုင်ရင် အသင်းရဲ့ စနစ်မှာ အထိုင်ကျဖို့ ခက်ခဲကာ အချိန်ယူရနိုင်တာ ဖြစ်ပါတယ်။