ချန်ပီယံလိဂ် လွဲချော်ခြင်းကြောင့် လီဗာပူးအသင်း နစ်နာသွားမယ့် ဆုကြေး ပမာဏ

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ သာ ရခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကြီးနဲ့ လွဲချော်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ဆုကြေးငွေနဲ့ ပါဝင်ယှဉ်ပြိုင်ကြေးတွေ အနည်းဆုံး ပေါင်သန်း ၅၀ အထက် လျော့သွားမှာ ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက တွက်ချက်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆုဖလားတွေ ပြန်လည်စိန်ခေါ်ဖို့ မျှော်လင့်ချက်နဲ့အတူ ဒီနွေမှာ ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ဖွယ်ရှိပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲခဲ့ခြင်းက ကလပ်ရဲ့ အသုံးစရိတ်အပေါ် အတော်လေး သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်နိုင်ခဲ့သလို အမှတ်ပေးလိဂ်မှာ အဆင့် ၂ ရခဲ့တဲ့ လီဗာပူးဟာ ဆုကြေးအဖြစ် ခန့်မှန်း ပေါင် ၁၅၉.၈သန်း ရရှိခဲ့တာပါ။ လာမယ့်ရာသီမှာ အမှတ်ပေးလိဂ် ဆုကြေးက ပေါင် ၆.၆ သန်းပဲ ကွာခြားပေမယ့် တကယ်တမ်း ကွာခြားသွားမှာက UEFA ရဲ့ ဆုကြေးတွေ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရကာ ဆုကြေး ပေါင် ၅၅.၉ သန်းပဲ ရရှိမှာပါ။ အသင်းဟာ အုပ်စုအဆင့် နိုင်ပွဲ တစ်ပွဲစီအတွက် ပေါင် ၂.၄ သန်းရရှိပြီး ရှုံးထွက်အဆင့် တက်ရောက်နိုင်လို့ နောက်ထပ် ပေါင် ၈.၃ သန်း ရပါတယ်။ ဒီပမာဏတွေဟာ ယူရိုပါလိဂ်နဲ့ယှဉ်ရင် အတော်ကွာခြားပါတယ်။

ဥပမာအားဖြင့် ၂၀၁၆ တုန်းက လီဗာပူးအသင်း ယူရိုပါလိဂ် ဖိုင်နယ်ထိ တက်ရောက်နိုင်ရာမှာ ဆုကြေး ပေါင် ၃၃.၅ သန်းပဲ ရရှိခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ ဖိုင်နယ်ထိ တက်ရောက်နိုင်ရင် ရမယ့် ဆုကြေးက ပေါင် သန်း ၆၀ ဝန်းကျင်ထိ ရှိလာမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်လို့ ရတဲ့ဆုကြေးက ယူရို ၃.၆ သန်းသာ ရှိပြီး အုပ်စုအဆင့် နိုင်ပွဲတွေမှာ ၁ ပွဲကို ယူရို ၃သိန်း၆သောင်း၊ ရှုံးထွက်အဆင့် တက်နိုင်ရင် ယူရို ၅သိန်းသာ ရရှိပါတယ်။ ဒါပေမယ့် နိုင်ပွဲအပေါ် မူတည်ပြီး ဆုကြေး ပမာဏက ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့် စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စပွန်ဆာများစွာက အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်တဲ့ အပိုဆုကြေးတွေကို စာချုပ်ထဲ ထည့်သွင်းထားတာမို့ပါ။

အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို လွဲချော်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာ ခပ်မြင့်မြင့် အဆင့်တွေထံ ရောက်မယ်လို့ မျှော်လင့်နိုင်ပါသေးတယ်။ အထူးသဖြင့် ကလော့ပ် လက်ထက် လုံးဝ မရဖူးတဲ့ ယူရိုပါလိဂ်ဖလားကို အနိုင်ရမယ်ဆိုရင်တော့ အရှုံးထဲက အမြတ်အဖြစ် ဖြေသာနိုင်မှာ ဖြစ်ပါတယ်။