ဆာလာကိစ္စ ဖြေရှင်းတဲ့ ကလော့ပ်၊ ဂျာမနီ ရာသီကြို ခရီးစဉ် အတားအဆီဖြစ်လာ၊ ကာဗာရိုကို ပေးထွက်ဖို့ရှိခြင်းနဲ့ လီဗာပူး သတင်းများ

ဆာလာရဲ့ ဝမ်းနည်းကြောင်း မက်ဆေ့ကို ခေါင်းစဉ်လွဲတွေဖြင့် သတင်းဖန်တီးကြမှုအတွက် ကလော့ပ်က မီဒီယာတွေကို ဆင်ဆင်ခြင်ခြင်လည်း လုပ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ လီဗာပူးကန်တင်းမှာ သူ ဆာလာကို တွေ့လာခဲ့တာဖြစ်ပြီး အရင်အတိုင်း ပြုံးပျော်နေဆဲလို့ ကလော့ပ်က တုန့်ပြန်ပါတယ်။

ဘာ့ဆဲတစ်က နာကျင်မှု မရှိတော့ပေမယ့်လို့ ရာသီကြိုမှာ သူ့ကို ပူးပေါင်းခွင့်ပေးဖို့ အထူးဂရုစိုက်မှာဖြစ်ကြောင်းနဲ့ ကာတစ်ဂျုံးကိုလည်း ဂရုစိုက်မှာပါလို့ ကလော့ပ်က ဆိုပါတယ်။

စပို့တင်း ကွင်းလယ်လူ အူဂါတီအပေါ် လီဗာပူးရဲ့ စိတ်ဝင်စားမှုက အေးစက်နေပြီး ဒီရာသီ ခေါ်ယူရေး ကြိုးစားမှာ မဟုတ်ပါဘူး။ သူ့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ချယ်ဆီးတို့က သဘောတွေ့နေပါတယ်။

ဆောက်သမ်တန်ပွဲမှာတော့ ရော်ဘတ်ဆန်နဲ့ ကိုနတေးတို့ မပါဝင်ဘဲ အခြားသော ကစားသမား နှစ်ဦးဖြင့် အစားထိုးဖွယ် ရှိပါတယ်။

အာဂျင်တီးနား သတင်းထောက်တွေကတော့ ဒီအပတ် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အပြီး မကြာခင်မှာ မက်အယ်လစ္စတာရဲ့ ဖခင်နဲ့ အေးဂျင့်တို့ဟာ အင်္ဂလန်ကို ရောက်လာပြီး လီဗာပူးအသင်းနဲ့ ဆွေးနွေးသွားမယ်လို့ ဖော်ပြလာပါတယ်။

ဂျာမနီမှာ ရာသီကြို ပြင်ဆင်မယ့် လီဗာပူးရဲ့ ပလန်ဟာ မျှော်လင့်သလို အဆင်မပြေမယ့် အနေအထား ရှိလာပါတယ်။ ဒေသခံတွေဘက်က လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အဆိုပါ နေရာမှာ လီဗာပူး သွားရောက် လေ့ကျင့်ပြီး အပြန်မှာ ကွင်းမျက်နှာပြင်တွေ ပျက်ဆီးခဲ့မှုတွေအပေါ် သဘောမကျဖြစ်နေပါတယ်။

လီဗာပူး ချန်ပီယံလိဂ် မဝင်လို့ အသင်းကနေ တစ်ယောက်ယောက်က ထွက်ချင်ခဲ့ရင် ပြောင်းချင်တဲ့ ကလပ်ကို သွားတောင် ပို့ပေးလိုက်ဦးမယ်လို့ ကလော့ပ်က တုန့်ပြန်ပါတယ်။

တန်းဆင်းသွားမယ့် ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာကို လီဗာပူးအသင်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ပိုမို ကျယ်ပြန့်လာနေပါတယ်။

လာမယ့်ရာသီမှာ တိုက်စစ်သမား ကာဗာရိုကို အငှားချနိုင်ပါတယ်။ ဖူလ်ဟမ်ကနေ ပေါင် ၇.၇ သန်းဖြင့် လီဗာပူးအသင်းကို ပြောင်းလာခဲ့တဲ့ ပေါ်တူဂီသားအား အပြီးသတ် ရောင်းထုတ်ခြင်းတော့ ဖြစ်မလာနိုင်လောက်ဘူး ယူဆရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ နောက်ဆုံး အဆင့် ကိစ္စတွေကို လုပ်ဆောင်နေပြီဖြစ်ကာ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ပေးရမှာ ဖြစ်ပါတယ်။