

လီဗာပူး လူငယ်တိုက်စစ်သမား Elijah Gift ဟာ ဒီနွေမှာတော့ လာလီဂါကလပ် အက်သလက်တစ် ဘီဘာအိုအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဘက်က ပထမဆုံးအကြိမ် စကော်လာစပေးခဲ့တဲ့ ယူ-၁၈ အသင်း တိုက်စစ်သမားကို လက်လွတ်ရဖို့ လူငယ်အသင်းနည်းပြ ဝယ်ကန်ဆန်ကလည်း မလိုလားပါဘူး။
ဒါပေမယ့်လို့ တိုက်စစ်မှာ ပြိုင်ဆိုင်မှုတွေ များနေခြင်းနဲ့အတူ အသင်းဘက်က ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ ဖြစ်လာခဲ့တယ်။ ကစားသမားလေး ထွက်ခွာလိုရင် မတားဆီးဖို့ လီဗာပူးဘက်က ဆုံးဖြတ်ခဲ့ခြင်းနဲ့အတူ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ ပေါင် ၁ သန်းဖြင့် အပြောင်းအရွှေ့ ဖြစ်လာတော့မှာပါ။
နောက်လမှ အသက် ၁၇ နှစ်ပြည့်မယ့် တိုက်စစ်သမားရဲ့ ဇာတိဟာ စပိန်မြေက ဘီဘာအို အနားတဝိုက်က ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘီဘာအိုက တိုက်စစ်သမားရဲ့ တိုးတက်မှုကို အမြဲတမ်း အနီးကပ် စောင့်ကြည့်လာနေခဲ့တာပါ။
လာလီဂါကလပ် ဘီဘာအိုအသင်းမှာက သူတို့ရဲ့ ဇာတိဖွား မဟုတ်ရင် ကလပ်အတွက် ပေးမကစားတဲ့ ပေါ်လစီမျိုး ရှိထားပါတယ်။
ယူ-၁၂ အဆင့်မှာတည်းက လီဗာပူးအသင်းကို ရောက်နေတဲ့ တိုက်စစ်သမားဟာ ဘယ်တောင်ပံကော၊ ညာတောင်ပံမှာပါ ကစားနိုင်ပါတယ်။ သူဟာ ဒီရာသီ ယူ-၁၈ အသင်းမှာ ၁၇ ပွဲ ကစားထားပြီး ကိုယ်တိုင် ၃ ဂိုးသွင်း၊ ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။